Saturday, November 24, 2018

သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၄
သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီအမံများ ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေး ၀န်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ- ဦးအုန်းကြိုင်၊ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒေါက်တာမျိုးသန့်တင်၊ ဦးကျော်နိုင် (ထက်မြက်)၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်နှင့် ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ သတင်းမီဒီယာ ကောင်စီဝင် များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သတင်းမီဒီယာ ကောင်စီနှင့် ပြန်ကြားရေးဝန်ကြီးဌာန တို့တွင် တူညီသည့် ရည်ရွယ်ချက်ရှိပြီး  ယင်းမှာ  သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ သတင်း မီဒီယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အခါအားလျော်စွာ   ညှိနှိုင်းဆွေးနွေး ပူးပေါင်း ဆောင်ရွက်မှုများလည်း ရှိခဲ့ပါကြောင်း။
သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာ သမားများ၏ အခွင့်အရေးများကို စောင့်ရှောက် ကာကွယ် ထိန်းသိမ်းရန် တာဝန်ရှိသကဲ့သို့ သတင်းမီဒီယာသည် အများပြည်သူကို သတင်း အချက်အလက်ပေးခြင်းနှင့် အများပြည်သူအကျိုးအတွက် ဆောင်ရွက်ခြင်းဖြစ်၍ သတင်းမီဒီယာ သမားများ၏ ရေးသားဖော်ပြမှုများသည် အများ ပြည်သူအား တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းများကို ဖြစ်စေ ထိခိုက်နစ်နာစေသည့် အနေအထား မျိုးရှိလာပါက သက်ဆိုင်ရာ ထိခိုက်နစ်နာသူက ထိခိုက်နစ်နာမှုအတွက် တင်ပြ တောင်းဆိုလာလျှင် ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးရေး ဆိုသည့် တာဝန် တစ်ခုလည်း ပါရှိပါကြောင်း။
သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်မည်ဆိုပါက သတင်းမီဒီယာ သမားများ၏ အရည်အသွေး တိုးတက်ရေး၊ သြဇာရှိသည့် သတင်းသမားကောင်းများ ပေါ်ထွန်းလာရေးကို  အလေးအနက်ထား  ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်းနှင့် သင်တန်းများ ဖွင့်လှစ်ရန် လိုအပ်မှုတို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက သတင်းမီဒီယာကောင်စီနှင့် ပြန်ကြားရေး ၀န်ကြီးဌာန တို့ကြားတွင် နီးကပ်ပြီး ပွင့်လင်းမြင်သာသည့် ပူးပေါင်း ဆောင်ရွက်မှုများရှိရန် အရေးကြီးမှု၊ ပြောင်းလဲနေသည့် ခေတ်စနစ်နှင့် သဟဇာတဖြစ်အောင် ပြုပြင်ပြောင်းလဲပြီး ပူးပေါင်းလက်တွဲ ဆောင်ရွက်ရန် လိုအပ်မှုတို့ကို  ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒေါက်တာမျိုးသန့်တင်နှင့် ဦးကျော်နိုင်တို့က သတင်းမီဒီ ယာကောင်စီ၏ ဆောင်ရွက်ချက်များ၊ အောင်မြင်မှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများ၊ မီဒီယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက်  ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သတင်းမီဒီယာကောင် စီဝင်များနှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်တို့က လုပ်ငန်း လိုအပ်ချက်များကို  ဆွေးနွေး တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဆွေးနွေးတင်ပြချက်များ အပေါ် ပြန်လည် သုံးသပ်အကြံပြု ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
 (သတင်းစဉ်)

No comments:

Post a Comment