နေပြည်တော် နိုဝင်ဘာ ၂၄
ကယန်းလူမျိုးအများစုနေထိုင်ရာ ဒက္ခိဏခရိုင်၊ အရှေ့ခြမ်းတောင်ပေါ်ဒေသရှိ
ကျေးရွာများ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန က ဆန်ရိက္ခာဘိုးငွေများ၊
မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက
အလယ်ချောင်း ကျေးရွာ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် နေပြည်တော်
ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဒေါက်တာ မျိုးအောင်နှင့် အဖွဲ့သည် ကိုးတစ်ဘုန်းစိုးထေရဝါဒ ဗုဒ္ဓဘာသာသာသနပြု ဘုန်းတော်ကြီး
ကျောင်း ဆရာတော်အား ဖူးမျှော်ကြည်ညို၍ အလှူငွေများ ဆပ်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ဒက္ခိဏခရိုင်၊ ကိုးတစ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့
ရောက်ရှိပြီး ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို တွေ့ဆုံနှုတ်ဆက်၍ ကျောင်းအုပ်ကြီးက
လိုအပ်သည် များကို တင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြန်လည်ညှိနှိုင်း ဖြေရှင်းပေးသည်။
ထို့နောက် အခမ်းအနား ကျင်းပရာ အလယ်ချောင်း ကျေးရွာသို့
ရောက်ရှိကြရာ ဒေသခံကယန်း တိုင်းရင်းသား/တိုင်းရင်းသူများက ရိုးရာအတီးအမှုတ်၊ အကများဖြင့်
ကြိုဆိုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာ ပြည်သူ့အစိုးရအနေဖြင့် ပြည်သူများ၏
လိုအပ်ချက်များကို အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းရင်းသားအရေးနှင့်
ပြည်တွင်းငြိမ်းချမ်းရေးကို အထူး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်သားဒေသများ
ဖွံ့ဖြိုးတိုးတက်ရေးကို တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် စီမံဆောင်ရွက်လျက်ရှိရာ
မြို့ကြီးများနှင့် အလှမ်းဝေးသော ဒေသများသည် လိုအပ်ချက်များစွာ ရှိနေသည်ကို မိမိတို့အနေဖြင့်
နားလည်ပါကြောင်း၊ ယခု ကယန်းဒေသကို လာရောက် ရာတွင်လည်း လမ်းပန်းဆက်သွယ်ရေး လွန်စွာခက်ခဲသည်ကို
သိရှိခဲ့ရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် လတ်တလော စားနပ်ရိက္ခာ အခက်အခဲအတွက်
လာရောက်ထောက်ပံ့ခြင်း၊ ရှေးဦးအရွယ် ကလေးသူငယ်များ အနာဂတ် နိုင်ငံ့ သားကောင်း/သမီးကောင်းများ
ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မူလတန်းကြိုကျောင်း မဖွင့်လှစ်နိုင်သေးသော ဤဒေသအတွက် မိခင်ဝိုင်း(၅)ဝိုင်း
ဖွင့်လှစ်ပေးနိုင်ရေး အတွက် ထောက်ပံ့ခြင်း၊ ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အား ထောက်ပံ့ခြင်း၊
ယယန်းမျိုးဆက်သစ် လူငယ်များအတွက် ထောက်ပံ့ခြင်း၊ ကယန်းလူမှုအဖွဲ့အတွက် ထောက်ပံ့ခြင်းများ
ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း၊ ကျေးရွာအတွင်းရှိ အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူများ
သို့မဟုတ် တက္ကသိုလ်ဘွဲ့ တစ်ခုခုရရှိပြီးသူများရှိပါက အလုပ်အကိုင် အခွင့်အလမ်းများနှင့်
သက်မွေးဝမ်းကျောင်း ပညာရပ်များအတွက် ကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း၊ ဒေသခံများကလည်း
မိမိတို့ဒေသ၏ လုပ်အပ်ချက်များကို ပွင့်လင်းစွာ ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍
နေပြည်တော်ကောင်စီဥက္ကဋ္ဌက မိမိအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ တိုင်းရင်းသားဒေသများသို့
သွားရောက်ခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းလျက်ရှိရာ ဤဒေသသို့ ရောက်ရှိခြင်းသည်
တိုင်းရင်းသားဒေသများအတွက် တတိယအကြိမ်ဖြစ်ကြောင်း၊ နေပြည်ကောင်စီ နယ်မြေမှ ဤဒေသသို့
ပေါက်ရောက်နိုင်သည့် အောင်နန်းချို - အလယ်ချောင်းလမ်းသည် ပြည်သူများ ခက်ခဲစွာ သွားလာနေရသော
လမ်းဖြစ်သည်ကို သိရှိကြောင်း၊ ကျန်းမာရေးအတွက် အရေးပေါ် အခြေအနေများတွင် အခက်အခဲရှိသည်ကို
သိရှိပါကြောင်း၊ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေး နှင့် ကျန်းမာရေးကိစ္စများကို အထူးအလေးပေး
ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်းနှင့် ဒေသခံများကလည်း မိမိတို့လိုအပ်ချက်များကို
ပြန်လည် ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဒေါက်တာ မျိုးအောင်၊
ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်
တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အလယ်ချောင်းကျေးရွာ
အုပ်စု၊ သစ်တွန်ကျေးရွာအုပ်စု၊ မဲပေါက်ကျေးရွာအုပ်စု၊ ပြည်ထောင်ကိုးကျေးရွာအုပ်စု၊
ဆန့်ဘား ကျေးရွာအုပ်စု၊ ဘို့မကျေးရွာအုပ်စုနှင့် ကိုးတစ်ကျေးရွာအုပ်စုတို့အတွက် ဆန်ရိက္ခာဘိုးငွေကျပ်
(သိန်းသုံးရာတစ်ဆယ့်ခုနှစ်သိန်းတစ်သောင်းနှစ်ထောင့်တစ်ရာ) ၊ မိခင်ဝိုင်း(၅)ဝိုင်းဖွင့်လှစ်ပေးရန်အတွက် ထောက်ပံ့ငွေကျပ် (သုံးဆယ့်ငါးသိန်းနှစ်သောင်းရှစ်ထောင့်တစ်ရာ)
၊ ကယန်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့အား ထောက်ပံ့ငွေကျပ်(၃)သိန်း၊ ယယန်းမျိုးဆက်သစ်လူငယ်များအား
ထောက်ပံ့ငွေကျပ် (၃) သိန်း၊ ကယန်းလူမှုအဖွဲ့အတွက် ထောက်ပံ့ငွေကျပ် (၃)သိန်း၊ စုစုပေါင်းငွေကျပ်
(သုံးရာခြောက်ဆယ် တစ်သိန်းလေးသောင်းနှစ်ရာ) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့အပြင်
ထီးဒေးစတား ကုမ္ပဏီက ဆန်အိတ် (၁၀၀) တို့ကို အသီးသီး ပေးအပ်ထောက်ပံ့ရာ တာဝန်ရှိသူများ
က လက်ခံရယူခဲ့ကြပြီး ရပ်မိရပ်ဖများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဤကယန်းလူမျိုး
အများစုနေထိုင်ရာ ဒက္ခိဏခရိုင်၊ အရှေ့ခြမ်းတောင်ပေါ် ဒေသရှိ ကျေးရွာများ၏ လယ်မြေများတွင်
ကြွက်အန္တရာယ်များကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုများကို ခံစားနေပြီး စားနပ်ရိက္ခာ
အခက်အခဲကြုံတွေ့နေရကြောင်း သိရှိပါသည်။ လယ်မြေများ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေး၊
လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး လိုအပ်ချက်များ ဖြည့်ဆည်းပေး
နိုင်ရေးကို နေပြည်တော် ကောင်စီက သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment