Sunday, November 25, 2018

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သဘာဝပိုဇိုလန် ထုတ်လုပ်ရေးစက်ရုံ (ပုပ္ပါး) နှင့် ၆၆ ကေဗွီ ပိန္နဲတော ဓာတ်အားခွဲရုံ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေး



နေပြည်တော် နိုဝင်ဘာ ၂၅ 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ယနေ့နံနက်ပိုင်းတွင် ပုပ္ပါးမြို့၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ ငါးရံ့ကုန်းရွာအနီးတွင် တည်ရှိသည့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ သဘာဝပိုဇိုလန် ထုတ်လုပ်ရေးစက်ရုံ (ပုပ္ပါး)၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စက်ရုံမှူးမှ သဘာဝ ပိုဇိုလန် ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးမှ ဖြည့်စွက်ရှင်းလင်း တင်ပြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအား အထူးဂရုပြု အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
သဘာဝပိုဇိုလန်ကို ကွန်ကရစ်တမံကြီးများ တည်ဆောက်ရာတွင် ကွန်ကရစ်အပူချိန် (Heat of Hydration) မြင့်တက်ခြင်း ဖြစ်ပေါ်သဖြင့် အယ်ကာလီ - စီလီကာဓာတ်ပြုခြင်း (Alkali-Silica Reaction) ကို ထိန်းချုပ်ရန်လည်းကောင်း၊ တည်ဆောက်ချိန် ကာလတိုတောင်း၍ ကုန်ကျစရိတ် သက်သာစေရန်လည်းကောင်း၊ သဘာဝပိုဇိုလန်နှင့် ဘိလပ်မြေကို ရောနှောအသုံးပြု၍ RCC Dam (Roller Compacted Concrete Dam) များအဖြစ် တည်ဆောက်ရာတွင် အသုံးပြုလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးခဲ့သည့် ရဲရွာကွန်ကရစ် ရေလှောင်တမံနှင့် အထက်ပေါင်းလောင်း ကွန်ကရစ်ရေလှောင်တမံ တည်ဆောက်ရာတွင် သဘာဝပိုဇိုလန်နှင့် ဘိလပ်မြေကို ရောနှောအသုံးပြု၍ တည်ဆောက် ခဲ့ခြင်းဖြစ်ပါသည်။ ယနေ့အထိ ထုတ်လုပ်ခဲ့သည့် ပိုဇိုလန်ကုန်ချော တန်ချိန်ပေါင်းမှာ ၅၆၈၀၈၉.၉ တန်ချိန်ဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် သံချောင်းပုံစံဆင်ခြင်းဖြင့် ဆောက်လုပ်ခြင်း မဟုတ်သည့် တစ်ထပ် အဆောက် အဦများနှင့် လမ်း၊ အုတ်တံတိုင်း၊ ရေကန် စသည့် အခြေခံ လူမှုအဆောက်အအုံများကို သဘာဝပိုဇိုလန်နှင့် ဘိလပ်မြေရောစပ်၍ ကုန်ကျစရိတ် သက်သာစွာဖြင့် ကောင်းမွန် ခိုင်မာစွာ ဆောက်လုပ်နိုင်ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ပန်းတောင်း ၆၆ ကေဗွီ ပိန္နဲတော ဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ခွဲရုံမှူးမှ ဓာတ်အားထိန်းချုပ် ပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေ၊ ထရန်စဖော်မာ ဝန်အားပြည့် ဖြန့်ဖြူးနေရမှု အခြေအနေ၊ ဓာတ်အား လိုင်းများ၏ ဗို့အားပြည့်ဝစွာ ဖြန့်ဖြူးနိုင်ခြင်းမရှိသည့် အခြေအနေများအား ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များအား မှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ် ခန်းနှင့် ဓာတ်အားခွဲရုံ Switchyard အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment