Monday, November 26, 2018

ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း ပဉ္စမအကြိမ် ပြုလုပ်


ရန်ကုန် နိုဝင်ဘာ ၂၅
Cinematheque Program ၏ကဏ္ဍခွဲတစ်ခုဖြစ်သော ရုပ်ရှင်ဇာတ်ကားအပေါ် ပဉ္စမအကြိမ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း (Film Analysis) ကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ ရုပ်ရှင်အနုပညာရပ်ဝန်း ရုပ်ရှင်ပြခန်းမ၌ ပြုလုပ်သည်။

အနုပညာဆန်တဲ့တွေးခေါ်မှု
ရုပ်ရှင်မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာအောင်မင်းက ''ဒီနေ့ပြသဆွေးနွေးတဲ့ ဇာတ်ကားကတော့ ရုပ်ရှင်ထဲကနေ အတွေးအခေါ်ကိုပေးတဲ့ ဇာတ်ကားမျိုးပါ။ အနုပညာ ဆန်တဲ့တွေးခေါ်မှုမျိုးပါ။ ရုပ်ရှင်နဲ့ အတွေးအခေါ်ကို ဘယ်လိုလုပ် သွားလဲ၊ ရုပ်ရှင်လုပ်တဲ့ အခါမှာ အရင့်အရင် ပေါ်ခဲ့တဲ့သူတွေအတိုင်း လုပ်ရမယ်လို့ မဆိုလိုဘူး။ ကိုယ့်ရဲ့ အရသာနဲ့ကိုယ် အသစ်ရိုက်နိုင်ရင်ရပြီ။ ကိုယ့်ပုံစံနဲ့ကိုယ်ရိုက်တဲ့သဘောမျိုးပါ။ အခုဆိုရင် လာရောက်တဲ့ ကျောင်းသားတွေကို သိပ်ရှင်း ပြစရာ မလိုတော့ဘူး။ သူတို့အနေနဲ့လည်း သိနေကြပါပြီ။ သူတို့ကို ပိုပြီး သဘောပေါက်နားလည်လာအောင်၊ စိတ်ထဲကို ပိုပြီးရောက်သွားအောင် ဘယ်လိုတင်ဆက်ရမလဲဆိုတာပဲ ကျွန်တော့်အနေနဲ့ စဉ်းစားရ တယ်။ ရုပ်ရှင်ကို ဘယ်လိုလုပ်မလဲ ဆိုတာကို ပြရင်းနဲ့ဆွေးနွေးတာမျိုးပဲလုပ်ရတယ်'' ဟု ပြောသည်။
အဆိုပါ သုံးသပ်ဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာတို့ ပူးပေါင်း၍ မြန်မာ့ရုပ်ရှင် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြု လုပ်ခြင်းဖြစ်ပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ တာဝန်ရှိသူများ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ရုပ်ရှင်ပညာကို စိတ်ဝင်စားသော ကျောင်းသား၊ ကျောင်းသူ များ၊ ပြင်ပမှ ရုပ်ရှင်ပညာကို စိတ်ဝင်စားသည့် လူငယ်များနှင့် ပြင်ပရုပ်ရှင်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ယနေ့သုံးသပ်ဆွေးနွေးရာတွင် ဒေါက်တာ အောင်မင်းက ဒါရိုက်တာ Be´la Tarr ရိုက်ကူးထားသည့် "The Turin Horse" ရုပ်ရှင်ဇာတ်ကားအပေါ် မိတ်ဆက်စကား ပြောကြားပြီး အဆိုပါဇာတ်ကားကို တက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှု သုံးသပ်ကြသည်။
ယင်းနောက် ဒေါက်တာအောင်မင်းက ရုပ်ရှင်ဇာတ်ကား တစ်ကားလုံးအပေါ် အသေးစိတ် ခွဲခြမ်းစိတ်ဖြာသည့် လုပ်ငန်းစဉ် များနှင့်ပတ်သက်ပြီး တက်ရောက်လာကြသူများ၏ အမြင်များကို မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ကာ အဆိုပါဇာတ်ကား ရိုက်ကူးခဲ့သည့် ဒါရိုက်တာ၏ အင်တာဗျူးကိုပြသခဲ့သည်။
စာရေးဆရာ ကိုနိုင်ဦးက ''ကျွန်တော်တို့ဆီမှာ ရုပ်ရှင်နဲ့ ပတ်သက်ပြီး အဟောင်းတွေ ထပ်တလဲလဲ ဖြစ်နေတာထက်စာရင် လူငယ်တွေအနေနဲ့ အသစ်တွေဖန်တီးဖို့လိုတယ်။ အဲဒီလို ဖန်တီးဖို့အတွက်လည်း နည်းပညာအသစ်တွေကို လေ့လာနေရုံနဲ့ မပြီးပါဘူး။ စာပေနဲ့ အတွေးအခေါ် အသစ်တွေကိုလည်း လေ့လာဖို့လိုတယ်လို့ ထင်ပါတယ်။ ဒီနေ့ပြသတဲ့ဇာတ်ကားက ဖျော်ဖြေရေး ဇာတ်ကားတွေလို မဟုတ်ပါဘူး။ အတွေးတစ်ခုကို ရိုက်ပြထားတဲ့ ဇာတ်လမ်းလေး ပါ။ ရသတွေကို မခံစား တတ်ရင်တော့ ဒီလိုဇာတ်ကားတွေ ကို ကြိုက်မှာမဟုတ်ပါဘူး'' ဟု ပြောသည်။
ယနေ့ ပြသဆွေးနွေးသည့် ရုပ်ရှင်ဇာတ်ကားသည် အဘိုးအိုတစ်ဦး၏ အတွေးအခေါ်ကို ခံစားပြထားသည့် ရုပ်ရှင်မျိုးဖြစ်ပြီး ၁၈၈၉ ခုနှစ်ခန့် တူရင်မြို့ကို အခြေခံကာ ရိုက်ကူး ထားခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ဆွေးနွေးပွဲများကို လစဉ်ပြုလုပ်လျက်ရှိရာ လာမည့်ဆွေးနွေးပွဲကို ဒီဇင်ဘာ ၉ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားပြီး ထိုသို့ပြုလုပ်ရာတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိသည့် ကမ္ဘာတစ်ဝန်းမှ Art House Film အမျိုးအစား ရုပ်ရှင်ဇာတ်ကားများ ထဲမှ ဇာတ်ကားများကို အလှည့်ကျရွေးချယ်ကာ ပြသဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

No comments:

Post a Comment