မောင်တော နိုဝင်ဘာ
၂၇
စစ်တွေမြို့၌ ရောက်ရှိနေသည့် ပြည်တွင်းပြည်ပ သတင်းဌာန ၈
ခုမှ သတင်းသမားများသည် ယနေ့နံနက်ပိုင်းတွင် စစ်တွေ မြို့မှ အမြန်ရေယာဉ်ဖြင့် ရသေ့တောင်
မြို့နယ် အငူမော်ဆိပ်ကမ်းသို့ ရောက်ရှိကြသည်။
ထို့နောက် မော်တော်ယာဉ်များဖြင့် အင်းဒင်ကျေးရွာသို့ ရောက်ရှိကြပြီး
ကျေးရွာအတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး လုပ်ငန်းများ ပုံမှန်လည်ပတ်နေမှု အခြေအနေကို
လှည့်လည်ကြည့်ရှု သတင်းရယူကြသည်။
ယင်းနောက် ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံပြီး
အကြမ်းဖက်မှုဖြစ်စဉ် ကာလအတွင်းတွေ့ကြုံခဲ့ရသည့်အခြေအနေ၊ လက်ရှိ နယ်မြေတည်ငြိမ်အေးချမ်းမှုနှင့်
ကျေးရွာ၏လူမှုစီးပွား အခြေအနေတို့ကို မေးမြန်းသတင်းရယူကြသည်။
ထို့နောက် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့
ရောက်ရှိကြရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က မောင်တော ဒေသအတွင်း ARSA အစွန်းရောက်အဖွဲ့၏
အကြမ်းဖက်တိုက်ခိုက်မှုနှင့် သတ်ဖြတ်မှုများ၊ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး
ဆောင်ရွက်ချက်များ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် မောင်တော ဒေသပြန်လည်ထူထောင်ရေးဆိုင်ရာ
ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ထို့ပြင် ခရိုင်အုပ်ချုပ်ရေးမှူးက ၂၀၁၈ ဇန်န၀ါရီလ ၂၃ ရက်ကတည်းက
မြန်မာနိုင်ငံဘက်မှ ပြန်လည် လက်ခံရန် အဆင်သင့် ဖြစ်နေပါကြောင်း၊ နှစ်နိုင်ငံသဘော တူညီချက်အရ
စတင်ဝင်ရောက်မည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက် တွင်လည်း ၀င်ရောက်မှုမရှိခဲ့ပါကြောင်း၊
တစ်ဖက်နိုင်ငံမှ မည်သည့်အတွက်ကြောင့် မ၀င်ရောက်သည်ကို အကြောင်း ကြားခြင်း မရှိပါကြောင်း၊
စတင်ဝင်ရောက်လာမည်ဆိုပါက ၀င်ရောက်လာသူများကို ပေးပို့ထားသည့် စာရင်းနှင့် တိုက်ဆိုင်
စစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်း၊ NV ကတ်ပြုလုပ် ပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ
ဆောင်ရွက် ပေးမည် ဖြစ်ပြီး ယင်းလုပ်ငန်းများပြီးစီးပါက နောက်တစ်ရက်တွင် ခေတ္တတည်းခိုရမည့်
လှဖိုးခေါင်စခန်းသို့ ပို့ဆောင် ပေးမည်ဖြစ် ပါကြောင်း၊ ၎င်းတို့အတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား
ရိက္ခာထုတ်ပေး မည်ဖြစ်ပြီး လူတစ်ဦးကို တစ်ရက်လျှင် ထောက်ပံ့ကြေး တစ်ထောင်ကျပ် ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊
ပြန်လည်နေရာချထားရာတွင်လည်း ၎င်းတို့ နေထိုင်မည့် နေအိမ် ဆောက်လုပ်ရန် သစ်၊ ၀ါး၊ မျော
တို့ကိုထုတ်ပေးမည်ဖြစ်ပါကြောင်း၊ အိမ်ဆောက်ရာတွင် ၎င်းတို့ကိုယ်တိုင် ပါဝင် ဆောက်လုပ်
နိုင်မည်ဖြစ်ပြီး ဒေသပေါက်ဈေး လုပ်အားခကို ရရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့်
ပြန်လည်ဝင်ရောက်လာမည့် အခြေ အနေတို့ကို မေးမြန်း သတင်းရယူကြ သည်။
မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ်ရှိ လှဖိုးခေါင်ပြန်လည်လက်ခံရေး
စခန်းသို့ ရောက်ရှိကြပြီး ပြန်လည်ဝင်ရောက်လာမည့် နေ့ရပ်စွန့်ခွာသူများအတွက် ဆောက်လုပ်ထားသည့်
ခေတ္တတည်းခိုဆောင်များ၊ ရေတွင်းများ၊ ယင်လုံအိမ်သာများ၊ ဆေးပေးခန်း၊ ကလေးပျော်နေရာ၊
အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ နားခိုရာနေရာ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်း
ထားသည့် အလွယ်တကူ တပ်ဆင်ရွှေ့ပြောင်းနိုင်သည့် လူနေအိမ်များ(Assemble Board Houses)
တပ်ဆင် ထားမှု၊ နမူနာ ဆောက်လုပ်ထားသည့် ကျေးလက်လူနေအိမ်ပုံစံများနှင့် ယာယီစာသင်ကျောင်း
ဖွင့်လှစ်ထားမှုတို့ကို လှည့်လည် ကြည့်ရှု သတင်းမှတ်တမ်းရယူကြသည်။
ယင်းနောက် သတင်းမီဒီယာအဖွဲ့သည် လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်း
တာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိုးရွှေအောင်နှင့် တွေ့ဆုံ၍ စခန်းအတွင်း လက်ခံရန် အဆင်သင့်ဖြစ်နေမှုနှင့်
နေရပ်စွန့်ခွာသူများအတွက် စီစဉ်ဆောင်ရွက်ပေးမည့် အစီအမံ များကို မေးမြန်းသတင်းရယူကြသည်။
ညနေပိုင်းတွင် ရွှေဇားကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာအတွင်း
ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူနှင့် အစ္စလာမ် ဘာသာ ၀င်များ အတူယှဉ်တွဲနေထိုင်၍ လူမှုရေး၊
စီးပွားရေး၊ ပညာရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု လေ့လာ သတင်း ရယူကြသည်။
သတင်းမီဒီယာအဖွဲ့များ ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်
သတင်းရယူမှုမှာ ယခုအကြိမ်အပါအ၀င် စုစုပေါင်း ၂၉ ကြိမ်ရှိပြီဖြစ်ပြီး သတင်း မီဒီယာအဖွဲ့များအား
အရေးပေါ်ကာလတွင် သတင်းများရယူထုတ်ပြန်နိုင်ရေး စေလွှတ်မှု ၆ ကြိမ်၊ ကာကွယ်ရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် စေလွှတ်မှု
၁ ကြိမ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနအစီအစဉ်ဖြင့် စေလွှတ်မှု ၆ ကြိမ်၊ ပြည်ထောင်စုအစိုးရအဖွဲ့
အစီအစဉ်ဖြင့် စေလွှတ်မှု ၁ ကြိမ်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အစီ အစဉ်ဖြင့် စေလွှတ်မှု
၁ ကြိမ်၊ ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီ၏ အစီအစဉ် ဖြင့်
တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် ပြည်တွင်းပြည်ပမီဒီယာများအား စေလွှတ် မှု ၁၄ ကြိမ်ဖြစ်ကြောင်း
သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment