Tuesday, November 27, 2018

မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုဆိုင်ရာအရင်းအမြစ်များ၏ စီမံခန့်ခွဲမှု အရည်အသွေး အားဖြည့်ခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာဖွံ့ဖြိုးမှုကို လွှမ်းခြုံရေးဆွဲမည့် အစီအစဉ်တည်ဆောက်မှု စီမံကိန်းအတွက် ဆွေးနွေးမှုမှတ်တမ်း လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ


နေပြည်တော် နိုဝင်ဘာ ၂၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုသေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ အာရှယဉ်ကျေးမှုဗဟို ဌာနတို့အကြား မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး Master Plan ထူထောင်ခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာအရင်းအမြစ် များကို အရည်အသွေး မြှင့်တင်ရေး ဆွေးနွေးမှုမှတ်တမ်း လက်မှတ် ရေး ထိုးပွဲအခမ်းအနားကို
ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ အမျိုးသားပြ တိုက် Mini Theater တွင်ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကြည်မင်းက မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာ့ယဉ်ကျေး မှု အမွေအနှစ်များအား ကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်း နှင့် စုစည်း ခြင်း၊ မျိုးဆက်သစ်လူငယ်များအတွက် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ဂုဏ်ယူမြတ်နိုး တန်ဖိုးထားတတ်စေရန် လက်ဆင့်ကမ်း သင်ကြားပို့ချခြင်းနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်စေရန် လှုံ့ဆော်ပေးခြင်းတို့ကို အဓိကဆောင်ရွက်နေသည့် ၀န်ကြီးဌာနတစ်ခု ဖြစ်ပါ ကြောင်း၊ မိမိတို့ ၀န်ကြီးဌာန၏ မူဝါဒသည် နိုင်ငံတစ်ဝန်းလုံးရှိ ရှည်လျားသော သမိုင်းကြောင်းရှိပြီး ကောင်းမွန်သည့် ဓလေ့ ထုံးတမ်း စဉ်လာများ၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ် ထိန်းသိမ်းခြင်း၊ ဖော်ထုတ်ခြင်းနှင့် ပြန့်ပွားစေခြင်းဖြင့် တိုင်းပြည်နှင့် လူမျိုးကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်စေရန် ဖြစ်ပါကြောင်း၊ အဆိုပါ မူဝါဒအရ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာများကို ဆက်လက်တည်တံ့ရှင်သန်စေရန် သင်တန်းများနှင့် သုတေသနများပြုလုပ်ခြင်း၊ ပြည်သူလူထုကို ဧည့်ခံဖျော်ဖြေခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် အနုပညာများကို ကာကွယ်ထိန်းသိမ်းခြင်း တို့အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အားကျိုးမာန်တက် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒြပ်ရှိ၊ ဒြပ်မဲ့ အမွေအနှစ်များ အများဆုံး စုစည်းတည်ရှိရာ နေရာတစ်ခုဖြစ်ပြီး ၎င်းအမွေအနှစ် များ၏ အဓိကအစိတ်အပိုင်း ဖြစ်သည့် ရှေးဟောင်းအဆောက် အအုံများ၊ ရှေးဟောင်းနေရာများနှင့် များပြားသော မူလ ရှေးဟောင်း ပစ္စည်းများစွာကို ကာကွယ် ထိန်းသိမ်းလျက်ရှိပါကြောင်း၊ ကွဲပြားသော အမွေအနှစ်များသည် သမိုင်းမစတင်မီ ခေတ်မှ ကိုလိုနီခေတ်အထိ ခေတ်ကာလများကို ဖြတ်သန်းခဲ့ရပါကြောင်း၊ အဆိုပါအမွေအနှစ်များအား မှတ်တမ်းတင်ခြင်း၊ အမွေအနှစ်များအား စုစည်းခြင်းနှင့်အသုံးချခြင်းဖြင့် အမျိုးသားအဆင့် စံပြအခြေခံအချက်အလက်များကို စုစည်းနိုင်မည် ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံး၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဌာန အကြီးအကဲ Ms. Yun Ji Young က အမှာစကားပြောကြားသည်။ ယင်းနောက် ကိုးရီးယားသမ္မတနိုင်ငံ အာရှယဉ်ကျေးမှုဆိုင်ရာ ဗဟိုဌာန ဒုတိယ ဥက္ကဋ္ဌ Mr. Kim Ho Kyum က အာရှယဉ်ကျေးမှုဆိုင်ရာ ဗဟိုဌာန၏ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ကိုးရီးယား သမ္မတနိုင်ငံ Reshaping Development Institute ဥက္ကဋ္ဌ Mr. Lee Tae Joo က ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံရှိယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များ၏ စီမံခန့်ခွဲမှု အရည်အသွေး အားဖြည့်ခြင်းနှင့် ယဉ်ကျေးမှု ဆိုင်ရာဖွံ့ဖြိုးမှုကို လွှမ်းခြုံရေးဆွဲမည့် အစီအစဉ် တည်ဆောက်မှုစီမံကိန်းအတွက် ဆွေးနွေးမှုမှတ်တမ်းကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်နှင့် ကိုရီးယားသမ္မတနိုင်ငံ အာရှယဉ်ကျေးမှု ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ တို့က လက်မှတ်ရေးထိုးကြသည်။
ထို့အပြင် မြန်မာနိုင်ငံရှိယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များ၏ စီမံခန့်ခွဲမှု အရည်အသွေး အားဖြည့်ခြင်းနှင့် ယဉ်ကျေးမှု ဆိုင်ရာဖွံ့ဖြိုးမှုကို လွှမ်းခြုံရေးဆွဲမည့် အစီအစဉ် တည်ဆောက်မှု စီမံကိန်းနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသား ပြတိုက်၌ ကျင်းပခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)

No comments:

Post a Comment