Tuesday, November 27, 2018

မြောက်ပိုင်းစီးပွားရေးစင်္ကြံလမ်းမကြီးနှင့်အနောက်ပိုင်းစီးပွာရေး စင်္ကြံလမ်းမကြီးတို့အား တောင် - မြောက် စီးပွားရေးစင်္ကြံ လမ်းမကြီးအတွင်းသို့ပေါင်းစပ်သတ်မှတ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ


 
 နေပြည်တော် နိုဝင်ဘာ ၂၆
လမ်းပန်းဆက်သွယ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးအတွက် မြောက်ပိုင်း စီးပွား ရေးစင်္ကြံ လမ်းမကြီးနှင့် အနောက်ပိုင်းစီးပွားရေး စင်္ကြံလမ်းမကြီးတို့အား တောင် - မြောက် စီးပွားရေးစင်္ကြံ လမ်းမကြီး အတွင်းသို့ ပေါင်းစပ် သတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ၊ ဦးသန့်စင်မောင် ၊ ဒေါက်တာသန်းမြင့် ၊ ဦးသောင်းထွန်း နှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က လမ်းပန်းဆက်သွယ်ရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် မြောက်ပိုင်းစီးပွာရေး စင်္ကြံ လမ်းမကြီးနှင့် အနောက်ပိုင်းစီးပွားရေးစင်္ကြံလမ်းမကြီးတို့အား တောင် - မြောက် စီးပွားရေးစင်္ကြံလမ်း မကြီးအတွင်း သို့ ပေါင်းစပ်သတ်မှတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ယနေ့ညှိနှိုင်း ဆွေးနွေးခြင်း ဖြစ်ကြောင်း။
မဟာမဲခေါင် စီးပွားရေးစင်္ကြံလမ်းကြောင်းများ အတည်ပြုသတ်မှတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် သဘောထားမှတ်ချက်များကို ယနေ့အစည်းအဝေးတွင် တင်ပြဆွေးနွေး ပေးစေလိုပါကြောင်း၊ ရရှိလာ သည့် ဆွေးနွေးသဘောတူညီချက်များကို အစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက် တင်ပြသွားမည်ဖြစ်ပါကြောင်း ပြောကြား ပါသည်။
ယင်းနောက် လမ်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်က မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသော မြောက်ပိုင်း စီးပွားရေး စင်္ကြံလမ်းမကြီးနှင့် အနောက်ပိုင်းစီးပွားရေးစင်္ကြံလမ်း မကြီးတို့အား ဦးစား ပေးအဆင့်တွင် ပါဝင်နိုင်ရေး အတွက် တောင် - မြောက် စီးပွားရေးစင်္ကြံလမ်း မကြီး အတွင်းသို့ ပေါင်းစပ်သတ်မှတ်နိုင်ရေးနှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က စီးပွားရေး Corridors ကို GMS သတ်မှတ်ခဲ့စဉ်က အိန္ဒိယ - တမူးမှ လားရှိုးအထိ မြောက်ပိုင်းစင်္ကြံ ဟုခေါ်ပါကြောင်း၊ တဖန် မန္တလေးမှ ရန်ကုန် သီလဝါအထိ အနောက်ပိုင်းစင်္ကြံလမ်းဟု ခေါ်ပါကြောင်း၊ ၎င်းစင်္ကြံလမ်းမကြီး နှစ်ခုအား တောင် - မြောက် စီးပွားရေးစင်္ကြံ လမ်းမကြီးအတွင်းသို့ ပေါင်းစပ်လိုခြင်း ဖြစ်ပါကြောင်း ၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ယခုကဲ့သို့ NECနှင့်WEC တို့ ပေါင်းစပ် လိုက် ခြင်းသည် များစွာအကျိုးကျေးဇူးရရှိလိမ့်မည်ဟု ယူဆသည့် အတွက် သဘောတူထောက်ခံပါကြောင်း ပြောကြားသည်။
ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က NECနှင့် WECအား တောင် - မြောက် စီးပွားရေးစင်္ကြံလမ်း မကြီးအတွင်း ပေါင်းစပ် သတ်မှတ်ပါက ကုန်စည် စီးဆင်းမှု လွယ်ကူ ချောမွေ့ပြီး စီးပွားရေး ပိုမိုအားကောင်းလာပြီး ကျယ်ပြန့်စွာ ကုန်သွယ်မှု ပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြောက်ပိုင်း စီးပွာရေးစင်္ကြံ လမ်းမကြီးနှင့် အနောက်ပိုင်း စီးပွားရေးစင်္ကြံလမ်းမကြီးတို့အား တောင် - မြောက် စီးပွားရေး စင်္ကြံလမ်း မကြီးအတွင်းသို့ ပေါင်းစပ် မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုအပိုင်းအနေဖြင့် ကောင်းမွန်လာမည် ဖြစ်ပြီး စီးပွားရေး ကုန်သွယ်မှု ကောင်းမွန်လာပါက ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန်လာကာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာ မည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြု ဆွေးနွေးကြပြီး မြောက်ပိုင်း စီးပွာရေးစင်္ကြံလမ်းမကြီး နှင့် အနောက်ပိုင်း စီးပွားရေးစင်္ကြံလမ်းမကြီး တို့အား တောင် - မြောက် စီးပွား ရေးစင်္ကြံ လမ်းမကြီး အတွင်းသို့ ပေါင်းစပ်သတ်မှတ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment