Friday, November 30, 2018

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးကျင်းပ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ခြောက်ဦး ကတိသစ္စာပြု




ရန်ကုန် နိုဝင်ဘာ ၂၉

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်း အဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြားဖြတ် ရွေးကောက်ပွဲတွင် မဲအနိုင်ရရှိသော တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးတို့ ကတိသစ္စာပြုကြသည်။

ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် ပြီးခဲ့သော ၂ဝ၁၈ ကြားဖြတ် ရွေးကောက်ပွဲ၌ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ အနိုင်ရရှိသော တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည် စာရင်းတင်သွင်း ထားသော တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သန်းလွင်၊ ဗိုလ်မှူး အောင်နွေစိုး၊ ဗိုလ်မှူး ဝေယံလင်း၊ ဗိုလ်ကြီးကိုကို၊ ဗိုလ်မှူးခိုင်မျိုးထွန်း၊ ဗိုလ်ကြီးရဲရင့်ဝင်းတို့ကို အစားထိုးပြောင်းလဲ ထမ်းဆောင်စေခဲ့သည်။
ကတိသစ္စာပြု လက်မှတ်ရေးထိုး
အဆိုပါ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးအောင်နှင့် ယနေ့ စတင်ပြောင်းလဲထမ်းဆောင်စေခဲ့သော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးတို့သည် ၂ဝ၁၃ ခုနှစ် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော် ဆိုင်ရာ ဥပဒေအခန်း(၄) ပုဒ်မ ၈၊ ပုဒ်မခွဲ (ခ)အရ ယနေ့ကျင်းပ သော လွှတ်တော်အထူးအစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြု လက်မှတ်ရေးထိုး ခဲ့သည်။
ထို့နောက် ကြယ်ပွင့်ပြမေးခွန်းများကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များက ဆက်လက်မေးမြန်းခဲ့သည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သမဝါယမအသင်းများ၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေနှင့် ယင်းလုပ်ငန်းများမှ လစဉ်ဝင်ငွေ၊ နှစ်စဉ်ဝင်ငွေ ရရှိမှု သိလိုပါကြောင်း၊ သမဝါယမအသင်းများ၏ မူဝါဒလုပ်ထုံးလုပ်နည်းနှင့်မညီသော ဆိုင်များကို မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးမြန်းပြီး လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက လှိုင်မြို့နယ်အတွင်း သမဝါယမပိုင် ဆိုင်ခန်းများ၊ တိုက်ခန်းများ မည်မျှရှိပါသလဲ၊ ငှားရမ်းခများ အား ခေတ်ကာလပေါက်ဈေးများဖြင့် ပြင်ဆင်ပြောင်းလဲစာချုပ်ရန် အစီအစဉ် ရှိ/မရှိနှင့် ဆိုင်းခန်း၊ တိုက်ခန်းများ ငှားရမ်းခ သိလိုပါကြောင်း မေးမြန်းခဲ့ သည်။
ပွင့်လင်းမြင်သာမှုရှိရန်
ထို့နောက် သာကေတမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်က သာကေတ မြို့နယ် ရပ်ကွက်အတွင်းရှိ သမဝါယမအသင်း ပိုင်ပစ္စည်း၏ စာရင်ဇယားများကို မည်ကဲ့သို့ စီမံခန့်ခွဲဆောင်ရွက်ထားသည်ကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြရန်အစီအစဉ် ရှိ၊ မရှိနှင့် မည်ကဲ့သို့ဆောင်ရွက် လျက်ရှိသည်ကို သိလိုပါကြောင်း၊ အသင်းစည်းမျဉ်း စည်းကမ်းနှင့် ကိုက်ညီမှုမရှိသော အမှုဆောင်၊ ဥက္ကဋ္ဌနှင့် အသင်းသားအချို့သည် ပြစ်ဒဏ်ပေးအရေးယူ ဆောင်ရွက် ထားခြင်း ရှိ၊ မရှိနှင့် တိုက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှိန်က စားသုံးသူ သမဝါယမအသင်း အဆင့်ဆင့် (တိုင်းဒေသကြီး၊ မြို့နယ်၊ ရပ်ကျေး)အသင်းများ ပိုင်ဆိုင်ခဲ့သော မရွှေ့မပြောင်းနိုင် သည့် မြေနေရာ၊ အဆောက် အအုံများ၊ စက်ပစ္စည်းများ အစရှိသည်တို့ကို ယခု အချိန်တွင် ဥပဒေကြောင်းအရ မည်သူပိုင်ဆိုင်သည်ကို သိလိုပါကြောင်း မေးမြန်းကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းက မေးခွန်းအသီးသီးအား ပြန်လည်ဖြေကြားခဲ့သည်။
မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်

No comments:

Post a Comment