စောကျော်အေး(ပန်းဘဲတန်း)
၁၃၈ဝ ပြည့်နှစ်
တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့သည် မြန်မာအမျိုးသား တို့၏ မမေ့အပ်သော
(၉၈)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေသည်။ အမျိုးသားအောင်ပွဲနေ့
ဖြစ်ပေါ်ခဲ့ရသည့် အတိတ်သမိုင်းကြောင်းကို လေ့လာကြည့် ပါက မြန်မာနိုင်ငံသည်
လွန်ခဲ့သောနှစ်ပရိ္ဆေဒကြာမြင့်စွာကပင်လျှင် ကိုယ့်မင်းကိုယ့်ချင်း၊
ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှာန်းဖြင့် ကမ္ဘာ့အလယ်တွင် ငွါးငွါး
စွင့်စွင့်တင့်တင့်တယ်တယ်ရပ်တည်ခဲ့သည့် နိုင်ငံတစ်ခုဖြစ်ပေသည်။ မြန်မာနိုင်ငံအား
နယ်ချဲ့ဗြိတိသျှ တို့သည် ကျူးကျော်စစ်သုံးကြိမ်ဆင်နွှဲ၍ ဗိုလ်ကျစိုးမိုး သိမ်းပိုက်
ခဲ့လေ သည်။
၁၈၂၄ ခုနှစ်
အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ၊ ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲဖြင့်ပဲခူးနှင့်
မုတ္တမနယ်များ၊ ၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲဖြင့် အထက်မြန်မာပြည်
နယ်မြေများစသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့်နယ်ချဲ့၍ သိမ်းယူ ခဲ့သည်။ ၁၈၈၆ ခုနှစ်
ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ အား အိန္ဒိယအင်ပါယာ အတွင်း
သွတ်သွင်းလိုက်ပြီဖြစ်ကြောင်း အိန္ဒိယဘုရင်ခံ လော့ဒပ်ဖရင့် (Lord Dufferint) က ကြေညာလိုက်ပြီး
ဤသို့ဖြင့် မြန်မာနိုင်ငံသည် ထီးကျိုး စည်းပေါက်ကာ သူ့ကျွန်ဘဝသို့
ကျရောက်ခဲ့ရတော့သည်။
နေရာအနှံ့အပြားမှ
တော်လှန်ခဲ့ကြ
သူ့ကျွန်အဖြစ် နွံနစ်မခံနိုင်ကြသော မြန်မာနိုင်ငံအတွင်း ရှိ တိုင်းရင်းသား လူမျိုးပေါင်း စုံတို့သည် ရရာလက်နက်စွဲကိုင်၍ နယ်ချဲ့ ဗြိတိသျှတို့အား နေရာအနှံ့အပြား မှတော်လှန်ခဲ့ကြပေသည်။ ထိုသို့ သူ့ကျွန်မခံလိုသော၊ အမျိုးကိုချစ်သော စိတ်ဓာတ်ဖြင့် ဒေသအလိုက် တော်လှန်ခဲ့ကြသော်လည်း စုစည်းဆက်စပ်မှုမရှိခြင်း၊ ပြည်သူတစ်ရပ်လုံးစည်းရုံးပါဝင် မှုမရှိခြင်း၊ လက်နက်အင်အားကွာခြားခြင်း၊ ခေတ်မမီတော့ သော ပဒေသရာဇ်စနစ်ကို ပြန်လည်အသက်သွင်းလိုခြင်း တို့ကြောင့် နယ်ချဲ့ဆန့်ကျင်ရေးခေတ်ဦးပိုင်းတွင် မြန်မာတို့၏ တော်လှန်မှုများသည် အောင်မြင်မှု မရရှိခဲ့ပေ။ သို့သော်လည်း မြန်မာတို့သည် ထက်သန်သော အမျိုးသားစိတ်ဓာတ်များ အညှိုးနွမ်းမခံဘဲ အစဉ်ရှင်သန်တိုးတက်သော နယ်ချဲ့ဆန့်ကျင်လိုသည့် တိုင်းရင်း သား လူမျိုးများ၏ ဇာတိသွေးဇာတိမာန် စိတ်ဓာတ်သည် ကျဆုံးသွားခြင်းမရှိကြဘဲ တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုရင့်သန်ကြီးထွား၍သာ လာခဲ့ကြပေသည်။

မြန်မာတို့၏အမျိုးသားရေးစိတ်ဓာတ်သည်
ဘာသာရေး၊ လူမှုရေး၊ အသင်းအဖွဲ့ များအဖြစ်ဖြင့် ပြောင်းလဲပေါ်ပေါက် လာခဲ့ကြပေသည်။
ထိုအဖွဲ့အစည်းများအနက် ၁၉ဝ၆ ခုနှစ်တွင် အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်ရန်
ရည်ရွယ် ချက်ဖြင့် တည်ထောင်ခဲ့ကြသည့် Y.M.B.A အသင်းကြီး သည် များစွာထင်ရှားခဲ့သည်။
ပြည်သူလူထုတစ်ရပ်လုံး၏ ထောက်ခံအားပေးမှုများစွာရရှိခဲ့သည်။ ၁၉၂ဝ ပြည့်နှစ် တွင်
Y.M.B.Aအသင်းကြီးကို G.C.B.A (မြန်မာအသင်းချုပ်ကြီး) ဟုပြောင်းလဲခေါ် ဝေါ်ခဲ့ကြသည်။
၁၉၂ဝ ပြည့်နှစ်မှ ၁၉၃ဝ
ပြည့်နှစ်အတွင်း မြန်မာတို့၏ အမျိုးသားရေးလှုပ်ရှားမှုများကို အသင်းချုပ်ကြီးက
ရှေ့ဆောင် လမ်းညွှန်မှုပေးခဲ့ပေသည်။ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာ လ ၁ ရက် နေ့တွင် တက္ကသိုလ်အက်ဥပဒေကို
ကိုလိုနီနယ်ချဲ့အစိုးရက ပြဋ္ဌာန်းခဲ့ သည်။ ထိုဥပဒေအရ တက္ကသိုလ်တစ်ခုသာရှိရမည်ဖြစ်ပြီး
ယင်း၏ လက်အောက် တွင်ရှိသော ကောလိပ်များကိုလည်း ရန်ကုန်၌သာရှိရမည်။
ကျောင်းအိပ်ကျောင်းစား နေထိုင်မှ ပညာသင်ကြားခွင့်ရမည်။ တက်ရောက်လိုသူများသည်
ပြင်ဆင်မှု အတန်း တွင် တစ်နှစ်နေကြရမည်။ စာမေးပွဲတစ်ကြိမ် ကျလျှင် တက္ကသိုလ်မှ
လက်မခံပါဟူ၍ ပါရှိသည်။
အစဉ်လာမပျက် ကျင်းပခဲ့
အထက်ဖော်ပြပါ အက်ဥပဒေသည်
မြန်မာတို့၏အသိဉာဏ် ပညာတို့ကို အမှောင် လွှမ်းစေပြီး ကိုလိုနီကျွန်ဘဝကို သက်ဆိုး
ရှည်စေမည့်ပညာရေးစနစ်ပင်ဖြစ်သည်။ ထိုအက်ဥပဒေကြောင့် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်
(၁၂၈၂ ခုနှစ် တန်ဆောင် မုန်းလပြည့်ကျော် ၁ဝ ရက်နေ့) တွင် နယ်ချဲ့ဗြိတိသျှတို့အား
အကြမ်းမဖက်သော နည်းဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။ ပထမ ကျောင်းသားသပိတ်ကြီးစတင်၍
ပေါ်ပေါက် လာ ခဲ့ပေသည်။
ထိုကျောင်းသားသပိတ်ကြီးအား ဂျီ၊ စီ၊ ဘီ၊ အေ အသင်းချုပ်ကြီး မှ အပြည့်အဝ အားပေး ကူညီခဲ့လေသည်။ ဤကျောင်းသား သပိတ်ကြီးကြောင့် အမျိုးသားကောလိပ် များနှင့် အမျိုးသား ကျောင်းများ ပေါ်ပေါက်နိုင်ခဲ့ခြင်းဖြစ်လေသည်။ တစ်နည်းဆိုရ သော် မြန်မာတို့အား ဝံသာနုရက္ခိတတရား (ဝံသာနု-အမျိုး အနွယ်အား ရက္ခိတ-စောင့်ရှောက်ခြင်း) သို့မဟုတ် အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုနိုးကြား ရှင်သန်စေရန် ဝံသာနု လှုပ်ရှားမှုများကို ဦးဆောင်ပေးခဲ့သော မ္တလေးမြို့၌ ပြုလုပ် သည့် (ဂျီ၊ စီ၊ ဘီ၊ အေ)အသင်းချုပ်ကြီး၏ နဝမအကြိမ် မြောက်ညီလာခံ- ၁၉၂၁ ခုနှစ်၌ အမျိုးသားနေ့ သတ်မှတ်ရေးကို ဆွေးနွေးကြရာ ဆရာတော် ဦးဥတ္တမအဖမ်းခံ ရသည့်နေ့၊သီပေါမင်းပါတော်မူသောနေ့နှင့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကျောင်းသားများ စတင်သပိတ်မှောက်သော နေ့များမှ တစ်နေ့နေ့ကို သတ်မှတ်ရေး ဆွေးနွေးကြပြီး ဂျီ၊ စီ၊ ဘီ၊ အေ အသင်းချုပ်ကြီး၏ အထူးညီလာခံ (၁၉၂၂ ခုနှစ် ဇွန်လ ဂျူဗလီဟောလ် ရန်ကုန်)က ရန်ကုန်တက္ကသိုလ်အက် ဥပဒေကို ကျောင်းသားများ စတင်သပိတ်မှောက်သောနေ့၊ နယ်ချဲ့ ဗြိတိသျှတို့အပေါ် အောင်ပွဲခံသောနေ့ဟု သတ်မှတ်ကြ ပြီး ယနေ့တိုင် နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသားအောင်ပွဲနေ့ကြီး အဖြစ် အစဉ်လာမပျက် ကျင်းပခဲ့ကြသည်မှာ (၉၈) နှစ် မြောက်ပင် ရှိခဲ့ပြီးဖြစ်သည်။

အစဉ်ကြိုးပမ်းအားထုတ်ကြရန်လိုအပ်
အမှန်အားဖြင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာရ ခြင်းသည် နယ်ချဲ့ကိုလိုနီစနစ်ကို ဆန့်ကျင်တော်လှန်ရာ မှဖြစ်ပေါ်လာရခြင်းဖြစ်ပြီး မြန်မာလူမျိုးများသည် မည်သူ၏ သြဇာလွှမ်းမိုးမှုကိုမျှမခံ ၊မိမိတို့၏အမျိုးဘာသာ သာသနာ တိုးတက်ကြီးပွားမှုကိုသာ စောင့်ရှောက်သည့် အမျိုးသားရေး စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကိုသာ အစဉ်အာရုံပြု ကြိုးပမ်းခဲ့ကြသူများ ဖြစ်ကြပေသည်။ ယခုအခါ ကမ္ဘာနှင့် တစ်ဝန်း မိမိတို့နိုင်ငံအပါအဝင် ကိုလိုနီနယ်ချဲ့ လက်သစ်ဝါဒီ နှင့် ဗိုလ်ကျစိုးမိုးရေး အင်အားစု တို့မှာ နိုင်ငံတိုင်းလိုလိုပင် ဝင်ရောက် စိုးမိုးခြယ်လှယ်နိုင်ရန် ပုံစံအမျိုးမျိုးဖြင့် ဝင်ရောက် ပူးကပ် သပ်လျှိုမှုများပြုလုပ်ကြလျက်ရှိကြရာ မြန်မာ အမျိုးသားတိုင်းသည် သတိကြီးစွာထား၍ အမျိုးသားရေး စည်းလုံးညီညွတ်မှုလုပ်ငန်းများကို အစဉ်ကြိုးပမ်း အားထုတ် ကြရန် လိုအပ်လျက်ရှိ၍ နေပေသည်။အချုပ်အားဖြင့် တင်ပြလိုသည်မှာ ယခုအချိန်အခါသည် နိုင်ငံတကာ၏အခြေအနေအရပ်ရပ်ကိုလေ့လာကြည့်ပါက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် အမျိုးသား စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအတွက် အထူးကြိုးပမ်းအားထုတ်ကြရမည့် အချိန် အခါဖြစ်၍ မြန်မာအမျိုးသားများအားလုံးသည် အစဉ်အလာအရ ဝံသာနု ဓမ္မရက္ခိတ တရားလက်ကိုင်ထား၍ အမျိုးသားရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြရန် မွန်မြတ်သော အမျိုးသား အောင်ပွဲနေ့ကြီးတွင် တိုက်တွန်းနှိုးဆော် တင်ပြရေးသား လိုက်ရပါကြောင်း။ ။

No comments:
Post a Comment