နေပြည်တော် နိုဝင်ဘာ ၂၉
“အဆင့်မြင့်မူဝါဒ ချမှတ်သူများအတွက်
သစ်တောများ ပြန်လည်တည်ထောင်ခြင်းဆိုင်ရာ သင်တန်း” ဖွင့်ပွဲအခမ်းအနားကို
ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊
မှော်ဘီမြို့ရှိ အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း
{AFoCO-RETC [Asian Forest Cooperation Organization - Regional Education and
Training Center]} ၌ ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊
သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။
ညွှန်ကြားရေးမှူးချုပ်က အာရှဒေသနိုင်ငံများမှ သင်တန်းသားများ ယခုကဲ့သို့
စုံစုံလင်လင် တက်ရောက် လာခြင်းသည် အာရှဒေသအဆင့် သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှု အဖွဲ့
(Asian Forest Cooperation Organization) ဝင်နိုင်ငံများအကြား တက်ကြွသည့် ပူးပေါင်းဆောင်ရွက်မှုကို
ကိုယ်စားပြုသကဲ့သို့ အဖွဲ့ဝင်နိုင်ငံများ၏ သစ်တောကဏ္ဍလူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက်
ကောင်းမွန်သည့် အလားအလာပင်ဖြစ်ကြောင်း၊ ယခု သင် တန်းကဲ့သို့ လေ့ကျင့်ပညာပေးရေး အစီအစဉ်များမှတဆင့်
အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရာတွင် အာရှဒေသအဆင့် လေ့ကျင့်ပညာပေးရေး
သင်တန်းကျောင်း (AFoCO-RETC) သည် ပေါင်းကူးတံတားသဖွယ် ကိုယ်စားပြုနိုင်မည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး
စီမံကိန်းကို ၁၀ နှစ်တာကာလအတွက် ရေးဆွဲပြီး ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊
ရည်ရွယ်ချက်မှာ ပြုန်းတီးသွားသော သစ်တောများနေရာတွင် သစ်တောသစ်ပင်များ ပြန်လည် ဖြစ်ထွန်းလာရန်၊
အဆင့်အတန်းကျဆင်းသွားသည့် သစ်တောများကို မူလအနေအထားသို့ ပြန်လည်ရောက်ရှိစေရန် ဖြစ်ကြောင်း၊
သို့ဖြစ်၍ ယခုသင်တန်းသည် အဖွဲ့နိုင်ငံများ၏ သစ်တောများပြန်လည် တည်ထောင်ရာတွင် အကျိုးပြုနိုင်သကဲ့သို့
ပိုမိုစိမ်းလန်းသည့် အာရှဒေသဖြစ်လာစေရန် အထောက် အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း
ပြောကြားပါသည်။
အဆင့်မြင့်မူဝါဒချမှတ်သူများအတွက်သစ်တောများပြန်လည်တည်ထောင်ခြင်းဆိုင်ရာသင်တန်းကို
၃-ရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး၊ နိုင်ငံတကာမှ သင်တန်းဆရာ ၁၀-ဦးမှ သင်ကြားပို့ချသွားမည်ဖြစ်ကာ၊
မြန်မာ၊ ကမ္ဘောဒီးယား၊ စင်္ကာပူ၊ လာအို၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ
သင်တန်းသား စုစုပေါင်း ၂၂-ဦးတက်ရောက်မည်ဖြစ် ကြောင်းသိရသည်။
(သတင်းစဉ်)
No comments:
Post a Comment