Wednesday, November 28, 2018

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်နိုင်ရေး လူမှုရေးအသင်းအဖွဲ့များ နှင့်တွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၂၈
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် (၂၅)ကြိမ်မြောက် အာဆီယံ အလုပ်သမား ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ရန် ယမန်နေ့ ညနေပိုင်းတွင် ကွာလာလမ်ပူ လေဆိပ်သို့ ရောက်ရှိသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိန်ဦးနှင့်အတူ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် Le Meridien ဟိုတယ်၌ မလေးရှား နိုင်ငံရောက် ကပုန်း (၇) ရက်သားသမီး နာရေးကူညီမှုအသင်း၊ နှလုံးလှပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့၊ ဒါနကုသလနာရေး ကူညီမှုအသင်း (ပီနန်)၊ အာသောက ကျန်းမာရေး ဖောင်ဒေးရှင်း (ဂျိုဟိုး)၊ ထိန်းသိမ်းရေးစခန်း တာဝန်ခံ(ဂျိုဟိုး)နှင့် မြန်မာမူဆလင် အသင်း (မလေးရှား) တို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာရွှေ့ပြောင်း အလုပ်သမားများကို မလေးရှားနိုင်ငံသို့ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများ မှတဆင့် တရားဝင်စေလွှတ်ပေးလျက် ရှိပါကြောင်း၊ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်သူများကို တရားဝင်ဖြစ်ရေးအတွက် ထိုင်းနိုင်ငံနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရာ တရားမဝင် သွားရောက်သူ ၁ ဒသမ ၂ သန်းကျော်ကို ပြည်ပ အလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အတူ မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အလုပ်သမား အခွင့်အရေး အပြည့်အဝရရှိရေးနှင့် လူမှုကာကွယ် စောင့်ရှောက်မှု ပေးနိုင်ရေးအတွက် သံအမတ်ကြီး ဦးဆောင်မှုဖြင့် အလုပ်သမား သံအရာရှိ(၂)ဦးကို တာဝန်ပေးအပ်ထားပါ ကြောင်း၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများအပေါ် အလုပ်ရှင်နှင့် အေဂျင်စီတို့မှ မတရား အမြတ်ထုတ်မှုများ မရှိရန် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နှင့်အညီ နေရာမှန်၊ အလုပ်မှန် ဖြစ်ရန် သက်ဆိုင်ရာ နိုင်ငံ၏ တည်ဆဲရေး ဥပဒေများ နှင့်အညီ အကာအကွယ်ပေးနိုင်ရန် လိုကြောင်း၊ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ လက်မှတ် (C of I) ထုတ်ပေးနိုင်မှုသည် နိုင်ငံသားဖြစ်ကြောင်း အတည်ပြုပြီးမှသာ ဆောင်ရွက်ရသည်ဖြစ်၍ လူမျိုး၊ ဘာသာမရွေး မိမိနိုင်ငံသား မှန်ကန်ပါက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူမှုအဖွဲ့အစည်းများ အနေဖြင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် အလုပ်သမား သံအရာရှိများထံ ဆက်သွယ်ပူးပေါင်း ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းနှင့် စပ်လျဉ်း၍ အကျိုးခံစားခွင့် ရရှိနိုင်ရေး ဆောင်ရွက်ပေးနေမှု၊ အလုပ်သမား သေဆုံးမှုရှိပါက မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး သို့မဟုတ် မလေးရှားနိုင်ငံတွင် နာရေးကိစ္စ ဆောင်ရွက်နိုင်ရေး လူမှုရေးစိတ်ဓါတ်ဖြင့် ကူညီ ဆောင်ရွက်ပေးမှု၊ တရားမဝင်ပွဲစားများနှင့် ဆက်သွယ် ဆောင်ရွက်မှု မပြုရေးအတွက် အလုပ်သမားများကို အသိပေးရန် လိုအပ်မှု၊ မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းများရှိ မြန်မာနိုင်ငံသား အလုပ်သမားများကို ပြန်လည်ပို့ဆောင်ရန် ကူညီဆောင်ရွက်ပေးမှု၊ ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို မလေးရှားနိုင်ငံ မှခေါ်ယူရန် ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် မြန်မာသံအမတ်ကြီး ဦးစိန်ဦးက မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လူမှုအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ အချိန်မရွေး အကြောင်းကြားပါက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မလေးရှားနိုင်ငံတွင် တရားမဝင် လာရောက်သူများအနေဖြင့် UNHCR ရုံးသို့ သွားရောက် မှတ်ပုံတင်ပြီး UNHCR ကတ်ကိုင်ဆောင်၍ နေရာအနှံ့တွင် ကျပန်းလုပ်ကိုင်လျက်ရှိကြောင်း၊ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှ စီမံချက်အရ ဖမ်းဆီးချိန်တွင် ဖမ်းဆီးခံရသူများ အနေဖြင့် ပြစ်ဒဏ်ကျခံပြီး ထိန်းသိမ်းရေးစခန်းများသို့ ရောက်ရှိချိန်တွင် မြန်မာသံရုံးမှ သွားရောက်စိစစ်ပြီး မြန်မာနိုင်ငံသား မှန်ကန်ပါက နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က မလေးရှားနိုင်ငံရှိ ဆီလန်ဂေါ၊ ဂျိုဟိုး၊ ကွာလာလမ်ပူ၊ ပီနန်၊ မလကာ ပြည်နယ်များရှိ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်သည့် လုပ်ငန်းများတွင် တရားဝင်မြန်မာ အလုပ်သမား (၂)သိန်းကျော် ဝင်ရောက် လုပ်ကိုင်လျက်ရှိပြီး တရားမဝင် အလုပ်သမားများလည်း ရောက်ရှိ လုပ်ကိုင်နေကြောင်း၊ နိုင်ငံသားများနှင့် ဖွဲ့စည်းထားသည့် လူမှုရေး အဖွဲ့အစည်းများ အနေဖြင့် မြန်မာ အလုပ်သမားများ၏ အခက်အခဲများကို သတင်းရရှိသည်နှင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အလုပ်သမားသံအရာရှိ တို့ထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေး၍ ပူးပေါင်းဆောင်ရွက်ပေးရန် လိုကြောင်း ပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။
 (သတင်းစဉ်)

No comments:

Post a Comment