နေပြည်တော်
နိုဝင်ဘာ ၂၈
အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေသည်
ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် (၂၅) ကြိမ်မြောက်
အာဆီယံ အလုပ်သမား ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲ အခမ်းအနားသို့
တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားသို့
မလေးရှားနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနမှ အလုပ်သမားဝန်ကြီး MR Kula
Segran နှင့် အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့်
အာဆီယံ နိုင်ငံများမှ အဆင့်မြင့် အလုပ်သမား အရာရှိကြီးများ တက်ရောက်ကြပြီး မလေးရှားနိုင်ငံ
အလုပ်သမား ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် အာဆီယံထိပ်သီး အစည်းအဝေးများ၊ အာဆီယံ အသိုက်အဝန်းကောင်စီ အစည်းအဝေးများနှင့်
အခြားသော ဆက်စပ် အာဆီယံ အစည်းအဝေးများတွင် အလုပ်သမားရေးရာ နှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်များကို
မှတ်တမ်းတင်ခြင်း၊ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် ၁၃ ကြိမ်မြောက် အာဆီယံအဆင့်မြင့်
အလုပ်သမား အရာရှိကြီးများ အစည်းအဝေးနှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည့်
၁၄ ကြိမ်မြောက် အာဆီယံအဆင့်မြင့် အလုပ်သမား အရာရှိကြီးများ အစည်းအဝေး အစီရင်ခံစာများကို
အတည်ပြုခြင်း၊ ၃၁ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံ ခေါင်းဆောင်များ
လက်မှတ်ရေးထိုးခဲ့သည့် “ရွှေ့ပြောင်း အလုပ်သမားများ၏
အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာ အာဆီယံသဘောတူညီချက်”
အကောင်အထည်ဖော်ရေး၊ ၂၀၁၇ ခုနှစ် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့ညီလာခံတွင်
အာဆီယံ အလုပ်သမားဝန်ကြီးများ လက်မှတ်ရေးထိုးခဲ့သော “ရေရှည်တည်တန့်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်
ကင်းရှင်းရေးနှင့် ကျန်းမာရေးတိုးတက်မှု ဆိုင်ရာ အာဆီယံ အလုပ်သမား ဝန်ကြီးများ ကြေညာချက်”
အကောင်အထည်ဖော်ရေး၊ ၂၈ ကြိမ် မြောက်နှင့် ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများတွင်
အာဆီယံခေါင်းဆောင်များ အတည်ပြုချမှတ်ခဲ့သော “အာဆီယံဒေသတွင်း
သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် တိုးမြှင့်ရေးအတွက် စုစည်းမှုမရှိသော/ သမားရိုးကျမဟုတ်သော
အလုပ်အကိုင်မှ စုစည်းမှုရှိ သော/ သမားရိုးကျ အလုပ်အကိုင်သို့ ကူးပြောင်းရေးဆိုင်ရာ ဗီယန်ကျင်း
ကြေညာစာတမ်း” အကောင်အထည် ဖော်ရေးနှင့် ၃၃ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးတွင်
အာဆီယံ ခေါင်းဆောင်များ အတည်ပြု ချမှတ်ခဲ့သော “အာဆီယံ အသိုက်အဝန်း၏ အလုံးစုံတိုးတက်မှုနှင့် ညီမျှမှုအတွက် အစိမ်းရောင် အလုပ်အကိုင်များ
တိုးမြှင့်ရေးဆိုင်ရာ အာဆီယံ ကြောညာစာတမ်း” အကောင်အထည်ဖော်ရေး တို့ကို ပါဝင်ဆွေးနွေးသည်။
၂၆
ကြိမ်မြောက် အာဆီယံ အလုပ်သမားဝန်ကြီးများ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသွားမည်
ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment