နေပြည်တော် နိုဝင်ဘာ ၂၃
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးသန့်စင်မောင်သည် နိုဝင်ဘာ ၂၂ ရက်တွင် မူးမြစ်ရေတိုက်စားမှုမှ ကာကွယ်ရန်
တည်ဆောက်ထားရှိသော သံခြင်း အခြေပြု မြေထိန်းနံရံ ပေ (၂၃၀၀) လုပ်ငန်းနှင့်
ဝက်လက်မြို့နယ်၊ မူးကြိုးကျေးရွာ သံခြင်း အခြေပြု ကျောက်စီတမံ အလျား
ပေ(၁၂၀၀) တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
မူးမြစ်အတွင်း ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ ဧပြီလမှ စက်တင်ဘာလ အထိ ၂ နှစ်ခွဲအတွင်း နေရာပေါင်း (၂၀)တို့အား ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေ တို့မှ စုစုပေါင်း ကျပ်သန်း (၂၇၀၀) ကျော် သုံးစွဲကာ ကမ်းထိန်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ကြောင့် ကျေးရွာချင်းဆက်လမ်းများ၊ စိုက်ပျိုးမြေများ၊ လူနေအိမ်ခြေများနှင့် သာသနိက အဆောက်အအုံများကို မူးမြစ်ရေ တိုက်စားမှုနှင့် ရေကြီးရေလျှံမှုတို့မှ ကာကွယ်ပေးနိုင်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဒုဋ္ဌဝတီ မြစ်ရေ တိုက်စားကမ်းပြိုမှုမှ ကာကွယ်ရန် တည်ဆောက်ထားရှိသော ဖရဲကျွန်းအရှေ့ရွာ ကျောက်စီတမံ အလျား ပေ(၁၄၀၀)နှင့် ဖရဲကျွန်း အနောက်ရွာတွင် တည်ဆောက်ထားရှိသော ကျောက်စီတမံ အလျား ပေ(၉၀၀) တည်ဆောက်ထားမှုအား သွားရောက် စစ်ဆေးသည်။ လုပ်ငန်းများ သွားရောက်စစ်ဆေးရာတွင် ပြည်ထောင်စု ဝန်ကြီးက မှာကြားရာတွင် ပြီးခဲ့သည့် ၂နှစ်ခွဲ ကာလအတွင်း ရေလမ်းကြောင်း ပြောင်းလဲရေး လုပ်ငန်း (၂၂) ခု၊ ကမ်းပြို ကာကွယ်ရေးလုပ်ငန်း (၄၇၆) ခု စုစုပေါင်း (၄၉၈)ခု ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် တော်ရုံတန်ရုံ ရေကြီးမှုနှင့် ရေတိုက်စားမှုဒဏ်ကို ခံနိုင်ရည် ရှိပြီဖြစ်ကြောင်း မိမိတို့မှာ မြစ်ကို ရေလမ်းကြောင်း မှန်ကန်စွာ စီးဆင်းရေး ဆောင်ရွက်ပေးမှသာ ကမ်းပြိုမှုများ လျော့နည်း သက်သာလာမည်ဖြစ်ကြောင်း၊ ရေလမ်းကြောင်း ကောင်းလာပြီး နွေရာသီ ရေနည်းချိန်တွင် ကွန်တိန်နာ သင်္ဘောများ အဆင့်ထိ သွားလာနိုင်မည့် ရေအနက် ရရှိရေးအတွက် မြစ်၏ အကျယ် ရေစီးဆင်းမှုနှုန်း၊ ရေအနက်၊ မြစ်ကြမ်းပြင် ချောမွေ့မှု သဲနုန်း ကျဆင်းမှုတို့ကို လိုသလို ထိန်းသိမ်းနိုင်သော ရေလမ်း ကောင်းမွန်ရေး အစီအမံများကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း လတ်တလော အနေဖြင့် ပြည်သူလူထုမှ တင်ပြလာသည့် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ကမ်းထိန်း လုပ်ငန်းများ၊ အရေးပေါ်အခြေအနေအရ မဖြစ်မနေ ဆောင်ရွက်သင့်သော လုပ်ငန်းများ ကိုလည်း ဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း ထိုသို့ ဆောင်ရွက်ရာတွင် ရေရှည် တည်တံ့သည့် မြေထိန်းနံရံများ ဖြစ်စေရေး၊ အရည်အသွေးပြည့်မီရေး၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းရှာဖွေ ကြံဆနိုင်ရေးတို့ကို ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment