နေပြည်တော်၊ နိုဝင်ဘာ ၂၃
သီးနှံများပေါ်ချိန်တွင် သမဝါယမ အသင်းများအနေဖြင့် သင့်တင့်မျှတသည့်
ဈေးနှုန်းဖြင့် ဝယ်ယူပေးပါက ဒေသ၏ သီးနှံဈေးကွက်ကို ထိန်းကျောင်း
ပေးနိုင်မည်ဖြစ်ပြီး အသင်းအတွက် ထိုက်သင့်သည့် ဝင်ငွေ အကျိုးအမြတ် ကိုလည်း
ရှာဖွေပေးနိုင်မည် ဖြစ်ကြောင်း၊ ခေတ်မီနည်းပညာများ အပေါ် စိတ်ဝင်စားစွာ
လိုက်နာဆောင်ရွက် တတ်မှု၊ ရာသီဥတုနှင့် ဈေးကွက် ဆိုင်ရာသတင်းအချက် အလက်
နည်းပညာများ လေ့လာအသုံးချနိုင်မှု စသည့် တောင်သူများ၏ အတွေးအခေါ်
ဖွံ့ဖြိုးတိုးတက် ရေးသည် သီးနှံအထွက်နှုန်း တိုးတက်ရေးထက် ဦးစားပေး
ဆောင်ရွက်ရမည် ဖြစ်ရာ နည်းပညာပေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်
ပေးကြစေလိုကြောင်း ယမန်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့ ကေတုမတီ ခန်းမ
တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကပြောကြားသည်။
ဆက်လက်၍ တောင်ငူမြို့နယ် ၊ မိုးကောင်းကျေးရွာ ၌ ပေါ်ဆန်းနှင့် ဗျော့ထွန်းစပါးမျိုး များအား SRI စနစ်ဖြင့် ဧက ၁၂၀ စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးကြပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးနည်းစနစ် ဆိုင်ရာများ၊ သွင်းအားစုနှင့် မြေဆီဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေးမှာ ကြားသည်။
ထိုမှတဆင့် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရေတာရှည်မြို့နယ် ကြာအင်းကျေးရွာ (တောင်) တွင် နွေးစပါးဧက ၁၅၀ အပါအဝင် သီးနှံစိုက်ဧက ရှစ်ရာကျော်ကို အကျိုးပြုနိုင်မည့် ဆွာချောင်းပိတ် ရေတင်စခန်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် နှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရေတင် လုပ်ငန်းဖြစ်သဖြင့် စွမ်းအင် အသုံးပြုမှုစရိတ်သည် တောင်သူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး အတွက် ကူညီဆောင်ရွက် ပေးရန်၊ ယခုရာသီအတွက် ထွန်ယက်ရေးဆိုင်ရာ လုပ်ငန်းများ ကူညီဆောင် ရွက်ပေးရန်၊ ရေတင် လုပ်ငန်း အသုံးပြုပြီး စိုက်ပျိုးခြင်းကို ရေရှည်တွင် အရှိန်မပျက် အသုံးပြု ဆောင်ရွက်နိုင်ရေးစီမံ ဆောင်ရွက်ရန် လိုအပ်ချက်များကိုမှာကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညနေပိုင်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်း(NCDDP)က ဆောင်ရွက်လျက်ရှိသည့် ဆွာရေဘေးသင့် စာသင် ကျောင်းများပြုပြင်ရေး လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် ကျေးရွာကော်မတီဝင်များက ရှင်းလင်းတင်ပြကြသည်။
ဆွာရေဘေးသင့် စာသင်ကျောင်းများပြုပြင်ရေး လုပ်ငန်းများအား ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်မှုအရ စာသင်ကျောင်း ၅ ကျောင်းပြန်လည် တည်ဆောက်ခြင်း လုပ်ငန်းကို လူထု ဗဟိုပြုစီမံကိန်း (NCDDP) မှ ကျခံသုံးစွဲမည် ဖြစ်ပြီးစီမံကိန်းမှ အင်ဂျင်နီယာပိုင်း ဆိုင်ရာ အကြံဉာဏ် နှင့် ငွေကြေးထောက်ပံ့ ကူညီပေးခြင်း၊ ကျေးရွာလူထုအား စီမံကိန်း မိတ်ဆက်ရှင်းလင်း ပေးခြင်း၊ လူထုစည်းရုံးရေးမှူးများအား သင်တန်းပေးခြင်း၊ ကျေးရွာ ကော်မတီဝင်များအား သင်တန်းပေးခြင်း၊ ကျေးရွာကော်မတီဝင်များ ကိုယ်တိုင် စီမံကွပ်ကဲမှုဖြင့် လုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းပြီး စီးပါက လူထုစစ်ဆေးပွဲများ ပြုလုပ်ခြင်း စသည်တို့ဖြင့် လူထုဗဟိုပြုစီမံကိန်း (NCDDP) ပုံစံအတိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:
Post a Comment