မန္တလေး
နိုဝင်ဘာ ၂၂
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏
နေ့ထူးနေ့မြတ်ဖြစ်သော တန်ဆောင်တိုင်လပြည့် နေ့တွင် မန္တလေးမြို့တခွင် မြို့ပေါ်ရပ်ကွက်
လေးပြင်လေးရပ်၌ ရိုးရာယဉ်ကျေးမှု ဓလေ့ အဖြစ်
စတုဒီသာ ကျွေးမွေးလှူဒါန်းကာ ကုသိုလ်ပြုသူများဖြင့် စည်ကားပျော်ရွှင် လျက်ရှိသည်။
အဆိုပါကုသိုလ်ပြုလှူဒါန်းရာတွင် ရှေးအစဉ်အလာအတိုင်း
ရာသီအလိုက် ကျွေးမွေးလှူဒါန်းကြသည့် ရိုးရာဓလေ့ အစားအစာများ ဖြစ်သော ကြာဇံဟင်းခါး၊မခေါ်
မုန့်လုံး၊ မယ်ဇလီဖူးသုပ်တို့ကို ရပ်ကွက်လမ်းများပေါ်တွင် လည်းကောင်း၊ ဓမ္မာရုံများ တွင်
လည်းကောင်း ခင်းကျင်းပြင်ဆင်ကာ လှူဒါန်းကျွေးမွေး ကြကြောင်း သိရသည်။
“မြန်မာပြည်အနှံ့မှာ ရာသီအလိုက် ရိုးရာပွဲတော်တွေ
ကျင်းပကြပေမယ့် လှူဒါန်း ကျွေးမွေးကြတဲ့ ရိုးရာအစားအစာတွေကတော့ မတူကြဘူး၊ရန်ကုန်မှာ
မုန့်လုံးရေပေါ်ကို သင်္ကြန်ကာလမှာ အများဆုံး လှူဒါန်း ကျွေးမွေးကြပေမယ့် ကျွန်တ်ာတို့
မန္တလေးမှာတော့ အခုလို တန်ဆောင်တိုင်လပြည့်နေ့မှာ မခေါ်မုန့်လုံးကို စတုဒီသာ အနေနဲ့ အများဆုံး
လှူဒါန်းကြပါတယ်။ဒါ့အပြင် ကြာဇံဟင်းခါးနဲ့ မယ်ဇလီဖူး သုပ်ကိုလည်း ဒီရာသီ ပွဲတော်မှာ
လှူဒါန်းကြပါတယ်” ဟု မန္တလေးဒေသခံ ဦးကျော်မင်းလွင် ကပြောသည်။
မန္တလေးမြို့၏
တန်ဆောင်တိုင်ပွဲတော် နွှဲပျော်ကြသည့် ဓလေ့မှာ နံနက်အာရုံတက် တွင် မဟာမုနိဘုရားကြီးအား
မသိုးသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို သွားရောက်ဖူးမြော် ကြည်ညိုခြင်းမှစတင်ကာ မြို့တွင်းတန်ခိုးကြီး
ဘုရားများအား လှည့်လည်ဖူးမြော်ခြင်း၊ စတုဒီသာကျွေးမွေးလှူဒါန်းမှုများတွင် တပျော်တပါး
လှည့်လည် စားသောက်ကြခြင်း များအပြင် တန်ဆောင်တိုင်လပြည့်နေ့ညပိုင်းတွင် ပျော်ရွှင်စွာ
ချက်ပြုတ်စားသောက်ရန် အတွက် ခင်မင်ရင်းနှီးသူများထံမှ ပျော်ပွဲစားမုန့်ဖိုးများ လိုက်လံကောက်ခံသည့်
ဓလေ့ များဖြင့် အစဉ်အလာမပျက် ဖော်ထုတ်ကာ ကျင်းပလျက်ရှိကြောင်းသိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
No comments:
Post a Comment