ရန်ကုန် နိုဝင်ဘာ ၂၂
ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင်
သာမညဖလသုတ္တန် တရားကိုဟောကြားတော်မူခဲ့ရာမှ တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလအခါတော်
နေ့”အဖြစ် သတ်မှတ်ကျင်းပခဲ့ကြသည်။
“သာမညဖလ”၏
အဓိပ္ပါယ်မှာ “ရဟန်းပြုရခြင်း၏အကျိုး”ဟု အဓိပ္ပါယ်ရသည်။ ရဟန်းပြုရ
ခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်
များနေ့”ဟု ခေါ်ဆိုကြသည်လည်းရှိသည်။
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့်
၁၃၈၀ ပြည့်နှစ် တန်ဆောင်မုန်း လပြည့်နေ့အခမ်းအနားများကို
ရင်ပြင်တော်ရှိ သတ်မှတ်ထားသော နေရာအသီးသီးတို့၌ ကျင်းပကြရာ ရွှေတိဂုံစေတီတော်မြတ်ကြီး၏
၃၄ ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲကို နံနက် ၄ နာရီတွင် ရင်ပြင်တော်ရာဟုထောင့်
အောင်မြေမှစတင်ကာ ကပ်လှူပူဇော်မည့် မသိုးရွှေကြာသင်္ကန်းများကို ရွှေတိဂုံစေတီတော်ရင်ပြင်
တစ်ပတ်လှည့်လည်ပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များက စေတီတော်နှင့် တန်ဆောင်းအသီးသီးရှိ
ဗုဒ္ဓရုပ်ပွားတော်များ၌ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်မြတ်ကြီးအား
ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးဆွမ်းများ ကပ်လှူပြီး စေတီတော်သြ၀ါဒါစရိယ ဆရာတော်များနှင့်
သံဃာတော်များအား ရောင်တော်ဖွင့် တန်ဆောင်း၌ နံနက်အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ
တန်ဆောင်းတွင် ရွှေတိဂုံစေတီတော် သြ၀ါဒါ စရိယ ဆရာတော်ကြီးများထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး
ရေစက်ချ အနုမောဒနာ တရား နာကြားကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၏
၃၆ ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ဆက်ကပ်ပူဇော်ပွဲကို နံနက် ၄ နာရီတွင် စေတီတော်မြတ်ကြီးနှင့်
တန်ဆောင်းအသီးသီးရှိ ဗုဒ္ဓရုပ်ပွား တော်များကို ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက
ဆက်ကပ်လှူဒါန်းကြပြီး စေတီတော်ရှိ နန်းဦး ဘုရားကြီးတန်ဆောင်း၌ ရေစက်ချမင်္ဂလာအခမ်းအနားကိုကျင်းပရာ
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်း မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်တထောင်စေတီတော် ဂေါပကအဖွဲ့၏
သြ၀ါဒါစရိယ ဆရာတော် ဘဒ္ဒန္တမေဓာနန္ဒထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးအသင်းအဖွဲ့များက
ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် အရှင်သူမြတ်များထံမှ မေတ္တသုတ်ပရိတ် တရားတော်များ
နာကြားကြသည်။
ထို့နောက် စေတီတော်အလှည့်ကျဂေါပက ဦးသန်းလွင်က
မသိုးရွှေကြာသင်္ကန်းများ ကပ်လှူ ခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားပြီး ဆရာတော် အရှင်သူမြတ်များအား
လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြကာ ဗိုလ်တထောင်စေတီတော်ဂေါပကအဖွဲ့၏ သြ၀ါဒါစရိယဆရာတော်
ဘဒ္ဒန္တမေဓာနန္ဒ ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း
အမျှပေးဝေ ကြသည်။
သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်၏ ၂၁ ကြိမ်မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲ
ဆုပေးပွဲ ကို ယမန်နေ့ ညပိုင်းတွင်ကျင်းပခဲ့ပြီး ယနေ့ လပြည်နေ့နံနက်ပိုင်းတွင် ဂေါပကအဖွဲ့ဝင်များနှင့်
ဘာသာရေးအသင်း အဖွဲ့များက ကပ်လှူပူဇော်မည့် မသိုးရွှေကြာသင်္ကန်းများကို စေတီတော်ရင်ပြင်
တစ်ပတ်လှည့်လည် ပူဇော်ကြကာ စေတီတော်နှင့် တန်ဆောင်းအသီးသီးရှိ ဗုဒ္ဓရုပ်ပွားတော်များ၌
ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် မသိုးရွှေကြာသင်္ကန်း ကပ်လှူပူဇော်ခြင်းအောင်ပွဲ
အခမ်းအနားကို ကျင်းပရာ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
ဘဒ္ဒန္တ သြဘာသာဘိဝံသ ထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးအသင်းအဖွဲ့များက ကိုးပါးသီလ
ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာကြားကြသည်။
ဆက်လက်၍ ဂေါပကအဖွဲ့ဝင် ဦးသိန်းဦးက
၂၁ ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲကျင်းပရခြင်း အကြောင်းကို လျှောက်ထားပြီး
ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့
ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တသြဘာသာဘိဝံသ ထံမှ ပရိသတ်တို့က အနုမောဒနာတရားတော်များ
နာယူကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့ရုံး
ရုံးအဖွဲ့မှူး ဦးမြင့်အုန်းက “လပြည့်နေ့ မတိုင်ခင် အဖိတ်နေ့ ညနေ ၄ နာရီခွဲမှာ မသိုးသင်္ကန်းရက်ပြိုင်ပွဲ
ဖွင့်ပွဲကျင်းပခဲ့တယ်။ ယက်ကန်းစင် ခုနစ်စင် ယှဉ်ပြိုင်တယ်၊ ဒီနေ့လပြည့်နေ့ နံနက် ၎
နာရီမှာ မသိုးသင်္ကန်းကို ဘုရား လက်ယာရစ် တစ်ပတ် လှည့်လည်ပူဇော်ဆက်ကပ်ပြီး ၄ နာရီခွဲမှာ ရုပ်ပွားတော်တွေကို ရွှေကြာသင်္ကန်းတွေ
ကပ်လှူပူဇော်တယ်။ သစ်သီး ကိုးမျိုး ဆွမ်းကပ်ပြီး နံနက် ၅ နာရီမှာ ဆရာတော်ကြီး ၁၀ ပါးကို
အရုဏ်ဆွမ်းဆက်ကပ်တယ်၊ ၆ နာရီမှာ ရေစက်ချတရားနာတယ်၊ ၇ နာရီမှာ သာမညဖလ အခါတော်နေ့ကို
အာရုံခံတန်ဆောင်း အပေါ်ထပ်ခန်းမကြီးမှာ ကျင်းပတယ်”ဟု ပြောသည်။
“ကျိုက်ဝိုင်းစေတီတော်မှာ လပြည့်နေ့
အရုဏ်သစ်သီးဆွမ်း ကပ်လှူတယ်၊ နံနက် ၆ နာရီခွဲ အောင်ဓမ္မာရုံမှာ သာမညဖလအခါတော်နေ့အခမ်းအနားကိုကျင်းပတယ်၊
ဂေါပကအဖွဲ့ကကြီးမှူးပြီး ၀တ်အဖွဲ့ ခုနစ်ဖွဲ့က
ရဟန်းပြုခြင်းအကျိုးနဲ့ပတ်သက်တဲ့ သာမညဖလ အခါတော်နေ့ သုတ္တန် ၀တ်ရွတ် စဉ်တွေရွတ်ဖတ်ပူဇော်ကြတယ်။
၁၀ နာရီခွဲမှာ သီလပေးတရားပွဲရှိတယ်၊ ဒီဘုရားမှာ ၀ါတွင်း ၀ါပမဟူ ဥပုသ်နေ့တိုင်း လဆန်း
၈ ရက်၊ လဆုတ် ၈ ရက်တွေမှာ ဆရာတော်တစ်ပါးပါးကိုပင့်ဖိတ်ပြီး သီလ ယူကြတယ်။ ဒီနေ့ လပြည့်နေ့
ညနေပိုင်းမှာ စတုဒိသာကျွေးမယ်၊ ညပိုင်းမှာ ဆီမီး တစ်သောင်း တစ်ထောင် ထွန်းညှိပူဇော်မယ်။
ဗုဒ္ဓဘာသာဝင်တွေရဲ့အခါတော်နေ့တွေကို ဘုရားတွေ၊ မြို့နယ် ရပ်ကွက်တွေမှာရှိတဲ့ ဓမ္မာရုံတွေမှာ
ကျင်းပလေ့ရှိကြတာ ထူးခြားမှုတစ်ခုပါပဲ”ဟု အပရာဇိတ ဆံတော်ရှင်
ကျိုက်ဝိုင်းစေတီတော် အလှည့်ကျဂေါပက ဦးအေးမြင့်က ဆိုသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ရန်ကုန်မြို့ရှိ
မြို့နယ်၊ ရပ်ကွက်၊ လမ်းများ၌ မော်တော်ယာဉ် များ၊ ဆိုက်ကားများဖြင့် ဘုံကထိန်များ လှည့်လည်ခြင်း၊
စတုဒိသာကျွေးမွေးခြင်း၊ နိဗ္ဗာန်ဈေးပွဲတော် များကျင်းပခြင်း၊ ဆီမီးများ၊ လျှပ်စစ်မီးများ
ထွန်းညှိပူဇော်ကြခြင်း၊ ဘုန်းတော်ကြီး ကျောင်းများ၌ ကထိန်လျာသင်္ကန်း ကပ်လှူခြင်း၊ ကထိန်ခင်းခြင်း၊
တန်ခိုးကြီးဘုရား၊ စေတီများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်း၊ စတုဒိသာကျွေးခြင်း၊ ကုသိုလ်ကောင်းမှု
ဒါနပြုကြသူများဖြင့် စည်ကားနေသည့် မြန်မာတို့၏ ချစ်စရာဓလေ့ကို ကြည်နူးဖွယ် တွေ့ရသည်။
ထို့ပြင် ရွှေပေါက်ကံမြို့သစ် ၁၇ ရပ်ကွက်
လူငယ်များအဖွဲ့ကဦးဆောင်၍ ၂၁ ကြိမ်မြောက် တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်နှင့်
သုဝဏ္ဏကောက်လျင်လမ်း မိသားစုများ၏ ၁၅ ကြိမ်မြောက် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့်
နိဗ္ဗာန်ဈေးပွဲတော်၊ စတုဒိသာပွဲတော်များ ကျင်းပ ကြသည်။
သတင်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - ဇော်မင်းလတ်

No comments:
Post a Comment