Thursday, November 22, 2018

ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ အကြံပြုဆွေးနွေးဝိုင်း ကျင်းပပြီးစီး



နေပြည်တော် နိုဝင်ဘာ ၂၂

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာ ပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ အကြံပြုဆွေးနွေးဝိုင်း ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ဆက်လက် ကျင်းပသည်။

အကြံပြုဆွေးနွေးဝိုင်းတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ဒုတိယဆက်ဆံရေး အရာရှိ မစ္စပီယာမယ်ပီချိုင်ဝမ် ဆီက ပညာရေးကဏ္ဍ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီမှ ဦးအောင်နိုင်ဦးက တိုင်းရင်းသားလူမျိုးစုအားလုံးနှင့် လူနည်းစုအဖွဲ့ အစည်းများအတွက် တန်းတူ အခွင့်အရေးနှင့် တာဝန်ယူတာဝန်ခံမှုကဏ္ဍ၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မော်က အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် တန်းတူပါဝင်ခွင့်ဆိုင်ရာကဏ္ဍ၊ ငြိမ်းဖောင်ဒေးရှင်း အမှုဆောင် ဒါရိုက်တာ ဒေါ်ဂျာနန်လထော်က  လူငယ်များနှင့် ထိတွေ့ဆက်ဆံရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကဏ္ဍနှင့် Independent Researcher ဦးနေလင်းထိုက်က  ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ကိုယ်ပိုင် လက္ခဏာအထောက်အထား၊ မတူညီကွဲပြားမှုများနှင့် သမားရိုးကျစိန်ခေါ်မှုများဆိုင်ရာ ကဏ္ဍ တို့နှင့်စပ်လျဉ်း၍ အစီရင်ခံစာများကို ဖတ်ကြားတင်ပြကြသည်။

ထို့နောက် ကျွန်ုပ်တို့၏ ဘုံအနာဂတ်၊ ကျွန်ုပ်တို့၏ ဘုံဆောင်ရွက်ချက် ခေါင်းစဉ်ဖြင့် မြန်မာ နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းမေတ္တာအဖွဲ့ အိန္ဒိယနိုင်ငံ Shanti Ashram မှ ညွှန်ကြားရေးမှူး Dr. Vinu Aram နှင့် Asian Conference of Religions for Peaces မှ ဦးဆောင်အရာရှိ Prof. Dr. Din Syamsuddin တို့က ဆွေးနွေးကြသည်။ 

ယင်းနောက် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ အကြံပြုဆွေးနွေးဝိုင်း နှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ငြိမ်းချမ်း မေတ္တာအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းမေတ္တာအဖွဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဘုန်းတော်ကြီး ဂန်နာစတောလ်ဆက် တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားကြသည်။
(သတင်းစဉ်)

No comments:

Post a Comment