Thursday, November 22, 2018

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဂွမြို့နယ်ရှိ ဒေသခံများ နှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေး




နေပြည်တော်၊ နိုဝင်ဘာ ၂၂

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်/ခရိုင်  အဆင့် ဌာနဆိုင်ရာများသည် ယနေ့နံနက်ပိုင်းက ဂွမြို့နယ်ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာများအား  ဆွေးနွေးသည်။


ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့ နံနက် ၉ နာရီက ဓနိကျေးရွာအုပ်စု၊ သစ်ကောက်ကျေးရွာ၌ ဌာနဆိုင်ရာများနှင့် ဒေသခံများနှင့် တွေ့ဆုံပွဲကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံတော်အစိုးရကဆောင်ရွက်နေသည့် အစီအစဉ်များ၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင် ရွက်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။

 ယင်းနောက် ဓနိကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများက မကျေးငူ - ဓနိ - သစ်ကောက်လမ်းကို မြေသားလမ်း ဖောက်လုပ်ပြီး ဖြစ်သော်လည်း ယခုနှစ် မိုးရွာသီကာလက မိုးရွာသွန်းမှုကြောင့်ပျက်စီးသွားသည့်အတွက် ရာသီမရွေးသွားလာနိုင်စေရန် အဆင့်မြှင့်တင်ပေးရန်၊ ၎င်းတို့ဒေသ၌ ဖုန်းလိုင်းမရရှိသေးသဖြင့် ရရှိအောင် ဆောင်ရွက်ပေးရန်၊ မီးမရရှိမီ ကာလအတွင်း ဆိုလာစနစ်ဖြင့် မီးရရှိနိုင်ရေး၊ စိုက်ပျိုးရေ လုံလောက်စွာ မရရှိမှုကြောင့် စပါးခင်းများပျက်စီးသွားသည့် အခြေအနေများနှင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ဆိုင်ရာ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆောင်ရွက်သည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ငွေကျပ် ၁၈ သိန်းပေးအပ်လှူ ဒါန်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံများ၏ တင်ပြချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ထပ်မံဖြည့်စွက် ရှင်းလင်း ပြောကြားသည်။

 ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မကျေးငူကျေးရွာ အလယ်တန်းကျောင်းခွဲ၌   ဒေသခံများ နှင့်တွေ့ဆုံခဲ့သည်။ အခမ်းအနားတွင် မကျေးငူကျေးရွာ အုပ်စုအတွင်းမှ ဒေသခံ ၆၀ ကျော်ပိုင်ဆိုင်သော လယ်ယာမြေ ဧက ၄၀၀ ကော်ကို ငါးလုပ်ငန်းဦးစီးဌာနက ရေငန် ငါး၊ ပုစွန်မွေးမြူရေးအတွက် သိမ်းယူခဲ့ပြီး စီမံကိန်းလုပ်ငန်းမအောင်မြင်သည့်အတွက် မူလ တောင်သူများက ပြန်လည်လုပ်ကိုင်ခွင့် ရသော်လည်း လယ်ယာမြေလုပ်ကိုင်ခွင့်(ပုံစံ - ၇ )မရရှိသေးသည့်အတွက် စိုက်ပျိးစရိတ်ချေးငွေထုတ်ယူ၍ မရရှိမှု အခြေ အနေများ၊ လျှပ်စစ်မီတာဘောက်များ လုံလောက်စွာ မရရှိသေး သည့်အခြေအနေများစသည့် လိုအပ် ချက်များ အား တင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာဌာနများအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားသည်။ 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် ဂွမြို့နယ်ရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး ရဟိုင်း စံပြကျေးရွာ၌  မိုးစပါး ဧက ၁၀၀ အထူးဇုန်စိုက်ခင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇင်ဦး(မြန်မာ့အလင်း)
ဓာတ်ပုံ - သီဟစည်သူ

No comments:

Post a Comment