Wednesday, November 28, 2018

ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး “ပထမအကြိမ် ဘင်းမ်စတက် နိုင်ငံများမှ တရားစီရင်ရေး အကြီးအကဲများ စကားဝိုင်းဆွေးနွေးပွဲ" နှင့် "အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေနေ့ အခမ်းအနား" သို့ တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ


နေပြည်တော်  နိုဝင်ဘာ ၂၈
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ နိုဝင်ဘာ ၂၅ ရက်တွင် ကျင်းပသည့် “ပထမအကြိမ် ဘင်းမ်စတက် နိုင်ငံများမှ တရားစီရင်ရေး အကြီးအကဲများ စကားဝိုင်းဆွေးနွေးပွဲ (First Round Table of the Head of Judiciary of BIMSTEC (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) Countries" နှင့် နိုဝင်ဘာ ၂၆ ရက်တွင် ကျင်းပသည့် "အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေနေ့ အခမ်းအနား" (Constitution Day Celebrations) တို့သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

ပြည်ထောင်စု တရားသူကြီးချုပ်သည် ဘင်းမ်စတက်နိုင်ငံများမှ တရားစီရင်ရေး အကြီးအကဲများ၏ စကားဝိုင်း ဆွေးနွေးပွဲတွင် အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ နီပေါနိုင်ငံ၊ ဘူတန်နိုင်ငံနှင့် အိမ်ရှင် အိန္ဒိယနိုင်ငံတို့မှ တရားသူကြီးချုပ်များ၊ ဒုတိယ တရားသူကြီးချုပ်၊ တရားသူကြီးများနှင့်အတူ "နည်းပညာနှင့် တရားမျှတမှု လက်လှမ်းမီရေး၊ အကြမ်းဖက် မှုခင်းများအား စစ်ဆေးစီရင်ခြင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါး ကုန်ကူးမှု၊ လူကုန်ကူးမှုများ" နှင့် စပ်လျဉ်းသည့် အတွေ့အကြုံများကို ဆွေးနွေး ဖလှယ်ခဲ့သည်။ ထို့ပြင် ပြည်ထောင်စု တရားသူကြီးချုပ်သည် အိန္ဒိယနိုင်ငံ တရားရုံးချုပ်က ဦးဆောင်ကျင်းပ ပြုလုပ်သည့် "(၆၉) ကြိမ်မြောက် အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေနေ့ အခမ်းအနား" သို့လည်း တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment