Monday, November 26, 2018

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အထိမ်း အမှတ်အဖြစ် ရန်ကုန်မြို့တော်ခန်းမ၌ လိမ္မော်ရောင်မီးများ အလှဆင်ထွန်းညှိ




 ရန်ကုန် နိုဝင်ဘာ ၂၅
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့တော်ခန်းမ တွင် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁ဝ ရက် အထိ လိမ္မော်ရောင်မီးများ အလှဆင်ထွန်းညှိထားကြောင်း သိရသည်။

အဆိုပါ မီးထွန်းခြင်းအခမ်းအနားကို ယနေ့ ညနေ ၅ နာရီက ရန်ကုန်မြို့တော် ခန်းမရှေ့ တွင် ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူး ဦးသန်း၊ ကော်မတီဝင် ဒေါ်သန်းမြင့်အောင်နှင့် တာဝန်ရှိသူများ၊ UN-Women များ၊ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
''ဒီနှစ်အတွက် သတ်မှတ်ထားတဲ့ အရောင်ကို ထွန်းညှိပေးခြင်းအားဖြင့် မြန်မာနိုင်ငံဟာ လည်း ကမာ့ကုလသမဂ္ဂနဲ့အတူ အမျိုးသမီးများ အကြမ်းဖက်ခံရမှုပပျောက်ရေး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်တယ်ဆိုတာကို ပြသမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တော်ခန်းမကို နိုင်ငံတကာ မှာရှိတဲ့ အထင်ကရအဆောက်အအုံ တွေနဲ့အတူ လိမ္မော်ရောင်စတင်ထွန်းပေး ပြီး ဆယ့်ခြောက်ရက်တာကာလလုံး လိမ္မော်ရောင်လွှမ်းနေအောင် ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်'' ဟု အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောသည်။
အဆိုပါလှုပ်ရှားမှု၌ လိမ္မော်ရောင်ကို အဓိကထားအသုံးပြုရခြင်းမှာ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှုများ ကင်းစင်သည့် ပိုမို တောက်ပသော အနာဂတ် ရရှိနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။
မဟာဗန္ဓုလပန်းခြံအတွင်း၌ အသိပညာပေးစာသားပါရှိသည့် ဆိုင်းဘုတ်များပြသခြင်း၊ ရုပ်ရှင်ပြခြင်း၊ ပြဇာတ်ကပြခြင်း၊ သီချင်းသီဆိုဖျော်ဖြေခြင်းနှင့် ဉာဏ်စမ်းမေးခွန်းများမေးခြင်း စသည်တို့ကို အမျိုးသမီးအဖွဲ့ကွန်ရက်အပါအဝင် အဖွဲ့ပေါင်း ၃ဝ ကျော်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် ယခုနှစ်၏ ဆောင်ပုဒ်မှာ ''လိမ္မော်ရောင်ခြုံလွှမ်း ကမာတစ်ဝန်း အကြမ်းဖက်မှု ပပျောက်ရေး အမျိုးသမီးအသံ နားထောင်ပေး'' ဟူ၍ ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း (ကမာရွတ်)
ဓာတ်ပုံ- ထိန်လင်း

No comments:

Post a Comment