ရန်ကုန် နိုဝင်ဘာ ၂၅
စီးပွားရေးမြို့တော် ရန်ကုန်၌ ဂျပန်ခရီးသွားများနှင့်
စီးပွားရေးလုပ်ငန်းရှင်များကို အဓိက ရည်ရွယ်၍ ဖွင့်လှစ်လိုက်သည့် Shin Ye Htut
Hotel ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်း
အမှတ် (1/B) အဆိုပါ ဟိုတယ်၌ ကျင်းပ သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ
ဂျပန်နိုင်ငံသံရုံးမှ Counsellor (Economic & ODA) Mr. Kazuyuki TAKIMI က နှုတ်ခွန်းဆက်စကား
ပြောကြားရာတွင် ဟိုတယ်၏ တည်နေရာသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအနီးတွင် ရှိနေ
သည့်အတွက် ဂျပန်နိုင်ငံ ကလာသည့် ဧည့်သည်များ အင်မတန်မှ အဆင်ပြေမည့် နေရာ တစ်ခုဖြစ်ကြောင်း၊
အဆိုပါ ဟိုတယ်၏ ဖွဲ့စည်းပြင်ဆင်ထားရှိမှုမှာ ဂျပန်နိုင်ငံက ဟိုတယ်များကဲ့သို့ဖြစ်ကြောင်း၊
ထို့ကြောင့် ဂျပန်နိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်၍ စီးပွားရေးလုပ်သည့်
အခါတွင် ညအိပ်ပြီး အေးအေးဆေးဆေး နားနေနိုင်ရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားသည်ဟု
သိရှိရကြောင်း ပြောကြားသည်။
ထို့နောက် Shin Ye Htut Group of
Companies ဥက္ကဋ္ဌ ဦးရဲထွဋ်က အမှာစကားပြောကြားရာတွင် ''ဂျပန်နိုင်ငံသားတွေကို မြန်မာနိုင်ငံက
ဗီဇာကင်းလွတ်ခွင့် ပေးလိုက်တဲ့အတွက် အရင်ကလို ခက်ခက်ခဲခဲ လာစရာမလိုတော့ပါဘူး။ ဒါ့အပြင်
ဒီဟိုတယ်ကို ဂျပန်နိုင်ငံသားတွေ ပိုပြီးအဆင်ပြေအောင် ရည်ရွယ်ပြီး ဂျပန်နိုင်ငံ သံရုံးနဲ့
နီးနီးနားနားမှာ ဖွင့်လှစ်တာ ဖြစ်ပါတယ်။ အကျိုးအမြတ်ကို အဓိကမထားပါဘူး။ ဂျပန်နိုင်ငံသားတွေ
သွားလာမှုလွယ်ကူဖို့နဲ့ မြန်မာပြည်အကြောင်းကို ကောင်းစွာသိရှိ နိုင်ဖို့အတွက် ဖွင့်လှစ်တာ
ဖြစ်ပါတယ်'' ဟု ပြောသည်။
ထို့အပြင် ဂျပန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း
နေပြည်တော်တွင် စီးပွားရေး Meeting များ၊ ဝန်ကြီးဌာနCall များရှိပါက ဆွေးနွေးစရာများကို
ဆွေးနွေးပြီး ရန်ကုန်တွင် တစ်ညအိပ်ကာ နောက်နေ့တွင် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာရာတွင်
အဆင်ပြေချောမွေ့စေရန်အတွက်လည်း ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးရဲထွဋ်က
ဆိုသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ
Counsellor (Economic & ODA) Mr. Kazuyuki TAKIMI ၊ မြန်မာ့အာမခံလုပ်ငန်းအထွေထွေမန်နေဂျာ
ဦးခင်မောင်ဝင်း ၊ Shin Ye Htut Group of Companies ဥက္ကဋ္ဌ ဦးရဲထွဋ်တို့က ဖွင့်ပွဲကို
ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ဟိုတယ်ဆိုင်းဘုတ်ကို ဥက္ကဋ္ဌ ဦးရဲထွဋ်က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံသား ခရီးသွားများ
ပိုမိုလာရောက် လည်ပတ်နိုင်ရေးနှင့် ပတ်သက် ၍ မြန်မာ့သတင်းစဉ်၏ မေးမြန်းမှုအပေါ် ဂျပန်နိုင်ငံသံရုံးမှ
Counsellor (Economic & ODA) Mr. Kazuyuki TAKIMI က ''အောက်တိုဘာ ၁ ရက်နေ့ကနေ စတင်ပြီး
ဂျပန်နိုင်ငံ ကလာတဲ့ ဧည့်သည်တွေကို ဗီဇာကင်းလွတ်ခွင့်ပေးလိုက်တဲ့အတွက် အကျိုးရလဒ်က
အများကြီးပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နည်းနည်းတော့ အချိန်ယူရပါလိမ့်မယ်။ လက်ရှိမှာ
အဲဒီဗီဇာကင်းလွတ် ခွင့်ကိစ္စကို ဂျပန်ပြည်သူလူထုအားလုံး မသိကြသေးပါဘူး။ လူတိုင်းသိဖို့အတွက်ဆိုရင်
နည်းနည်း တော့ အချိန်ယူရ ပါဦးမယ်။ တဖြည်းဖြည်းနဲ့တော့ အခုလက်ရှိထက် နှစ်ဆလောက် ဖြစ်လာမှာပါ။
ဂျပန်နိုင်ငံသားတွေအတွက် မြန်မာနိုင်ငံ ဟာ လည်ပတ်စရာပေါများတဲ့ နိုင်ငံဖြစ်ပါတယ်။ ဂျပန်ခရီးသွားတွေ
မြန်မာနိုင်ငံကို ပိုမိုလာရောက် လည်ပတ်နိုင်ဖို့အတွက် အကြံပြုလိုတာကတော့ လမ်းပန်းဆက်သွယ်ရေး
ပိုကောင်းဖို့နဲ့ ဗီဇာကင်းလွတ်ခွင့်ပေးတာကို ဂျပန်နိုင်ငံသားတွေ ပိုပြီးသိရှိ လာအောင်
ဆောင်ရွက်သင့် တယ်'' ဟု ပြောသည်။
ယခုဖွင့်လှစ်လိုက်သည့် Shin Ye Htut
Hotel သည် Shin Ye Htut Group of Companies ၏ သုံးခုမြောက် ဟိုတယ်ဖြစ်ပြီး မကွေးနှင့်
ပဲခူးမြို့တို့တွင် ဆက်လက်တိုးချဲ့ ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment