နေပြည်တော် နိုဝင်ဘာ ၂၃
လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း၊ ငှားရမ်းခြင်း
စသည့် ကိစ္စရပ်များ ဆောင်ရွက်ကြရာ၌ ပြောင်းလဲလာသော ခေတ်စနစ်များနှင့်
အညီဖြစ်စေရန် လိုအပ်သည့် ဥပဒေ ပြင်ဆင်မှုများနှင့်အတူ
သတ်မှတ်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံနှင့်တဝန်း
တောင်သူ များအပါအဝင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊
ဌာနဆိုင်ရာများ၏ လယ်ယာမြေ ကို အခြားနည်းအသုံးပြုခွင့် တင်ပြလာမှု
ကိစ္စရပ်များအပေါ် နိုင်ငံတော်၏ စားနပ်ရိက္ခာ ဖူလုံရေးနှင့်
စိုက်ပျိုးစွမ်းအားကို တဖက်တလမ်းမှ မထိခိုက် စေရေး သတိပြုဆောင်ရွက်ရန်
လိုအပ်မည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် (၉)နာရီက နေပြည်တော်ရှိ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာမြေ
စီမံခန့်ခွဲမှုအဖွဲ့၏ (၁၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က
ပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုံညီစွာ တက်ရောက် ဆွေနွေးကြသည်။
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးသက်နိုင်ဦး က လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းများ နှင့် စပ်လျဉ်း၍ ညွှန်ကြားချက် ထုတ်ပြန်နိုင်ရန်နှင့် လိုက်နာရန် ကိစ္စရပ်များနှင့် လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားလာခြင်း မရှိဘဲ လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် တရားမဝင် ဆောင်ရွက်မှုများ အပေါ် တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူ ဆောင်ရွက်နေမှုများအား ရှင်းလင်း တင်ပြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ စိစစ်ထောက်ခံ တင်ပြ ပေးပို့လာသည့် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် လုပ်ငန်းစာတွဲ (၆၇)တွဲနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ယခင်ဗဟိုအဖွဲ့မှ ခွင့်ပြုထားသည့် မြေလွတ် မြေလပ်မြေရိုင်းများကို လယ်ယာမြေအဖြစ် သတ်မှတ်ပေးရန် လယ်ယာမြေဥပဒေပုဒ်မ ၃၄ နှင့် လယ်ယာမြေနည်းဥပဒေ ၃၅ ၊ ၃၆ တို့အရ လျှောက်ထားလာသည့် အမှုတွဲ (၁၅)တွဲနှင့် ပတ်သက်၍ လည်းကောင်း၊ လယ်ယာမြေ ဥပဒေပုဒ်မ ၂၈(က)အရ မူလ စိုက်ပျိုးလျှက်ရှိသည့် သီးနှံအမျိုးအစားမှ အခြားသီးနှံ အမျိုးအစားသို့ ပြောင်းလဲ စိုက်ပျိုးခွင့်ပြုရန် လျှောက်ထားချက် နှင့် စပ်လျဉ်း၍ ဧရာဝတီ တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်ထောက်ခံပြီး ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ ပေးပို့တင်ပြ လာသည့် အမှုတွဲ(၂)တွဲနှင့် ပတ်သက်၍ လည်းကောင်း၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ မှ ထုတ်ပြန်မည့် ညွှန်ကြားချက် (မူကြမ်း ၂ စောင်) နှင့် ပတ်သက်၍ လည်းကောင်း၊ တည်ဆဲလယ်ယာမြေ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် မူဝါဒ ချမှတ်နိုင်ရေး တို့အား ဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment