၂ဝ၁၈ ခုနှစ် စက်တင်ဘာလ
၂၉ ရက်နေ့သည် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့နှလုံး
ကျန်းမာရေးနေ့၏ ဆောင်ပုဒ်မှာ အင်္ဂလိပ် ဘာသာဖြင့် “My Heart, Your Heart” ဖြစ်ပြီး
မြန်မာနိုင်ငံ အနေဖြင့်လည်း ကမ္ဘာနှင့်တစ်ဝန်း နှလုံးကျန်းမာရေးလှုပ်ရှားမှုနှင့်အညီ
ပါဝင်ဆောင်ရွက် လျက်ရှိပါသည်။ နှလုံးသွေးကြော ရောဂါကြောင့် နှစ်စဉ်လူဦးရေ ၁၇ ဒသမ
၅ သန်း အချိန်မတိုင်မီ အသက်ဆုံးရှုံးကြရပြီး ၂ဝ၃ဝ ပြည့်နှစ်တွင်မူ သေဆုံးမှုဦးရေ ၂၃
သန်းအထိ မြင့်တက်သွားနိုင်သည်ဟု ခန့်မှန်းထားကြသည်။ အသက် ၃ဝ မှ ၇ဝ နှစ်အကြားရှိ
လူများ၏သေဆုံးမှုတွင် ဆယ်ဦးလျှင် တစ်ဦးမှာ နှလုံးသွေးကြောရောဂါကြောင့်
အသက်ဆုံးရှုံး နေရပြီး သေဆုံးမှု အားလုံး၏ ၃၁ ရာခိုင်နှုန်းသည် နှလုံးသွေးကြော
ရောဂါကြောင့် ဖြစ်သည်။
ယခုနှစ် ၂ဝ၁၈ သည်
ကမ္ဘာ့နှလုံးအဖွဲ့ချုပ်(World Heart Federation) တည်ထောင်သည့် သက်တမ်းနှစ်
(၄ဝ)ပြည့် ဖြစ်သည်။ ကမ္ဘာ့နှလုံးအဖွဲ့ချုပ်သည် ကမ္ဘာပေါ်တွင် နှလုံးနှင့် လေဖြတ်ရောဂါ
တိုက်ဖျက်ရေး လုပ်ငန်းများကို အဖွဲ့ဝင် နိုင်ငံပေါင်း ၂ဝဝ ကျော်၏
ညီညွတ်သောအင်အားဖြင့် နိုင်ငံတကာအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။
ထိုလှုပ်ရှားဆောင်ရွက်မှုများ အနက်မှ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုပပျောက်ရေး၊
ဆေးကုသမှု လုံလောက်စွာမရရှိမှု လျှော့ချနိုင်ရေးနှင့် အများသတိမပြု မိသော၊ နှစ်စဉ်
ကလေးငယ်များ သိန်းချီ အသက်ဆုံးရှုံးနေရသည့် အကြောင်းအရင်းတစ်ခု ဖြစ်သော
လေးဖက်နာနှလုံး ရောဂါပပျောက်ရေးတို့အပေါ်တွင် အလေးထား ဆောင်ရွက်နေပါသည်။
ကမ္ဘာ့နှလုံးကျန်းမာရေးနေ့
ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်းတွင် နှလုံးရောဂါကြောင့်
အသက်ဆုံးရှုံးနေရသော လူဦးရေ လျှော့ချလိုခြင်းကြောင့်ဖြစ်သည်။
နှလုံးသွေးကြောရောဂါနှင့် လေဖြတ်ခြင်းကို ဖြစ်စေနိုင်သော
ဖြစ်နိုင်ခြေအကြောင်းအရင်းများတွင် သွေးပေါင်ချိန် မထိန်းနိုင် ခြင်း၊ သွေးတွင်း
အဆီဓာတ်များခြင်း၊ သွေးတွင်း အချိုဓာတ်များခြင်း၊ ဆေးလိပ် သောက်ခြင်း၊
အာဟာရပြည့်ဝသော အစားအစာများကို မစားသုံးခြင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ
စားသုံးမှုနည်းပါးခြင်း၊ ကိုယ်အလေး ချိန်မြင့်တက်ခြင်းနှင့် အဝလွန်ခြင်းတို့သည် အန္တရာယ်အရှိဆုံး
အကြောင်းအရင်း များ ဖြစ်သည်။ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့သည် ကမ္ဘာတစ်ဝန်းရှိ
လူများအား ''နှလုံးသွေးကြောရောဂါသည် သေဆုံးမှုအများစု၏ အကြောင်းအရင်းဖြစ်ကြောင်း''
သတိထားမိစေရန် ထိရောက်စွာ သတိပေးသည့် နေ့တစ်နေ့လည်းဖြစ်သည်။
ထိုသို့
ကြိုးပမ်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပြီး
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်မှန်းချက်ဖြစ်သော ၂ဝ၂၅ တွင် နှလုံးသွေးကြော ရောဂါကြောင့်
အရွယ်မတိုင်မီ အသက်ဆုံးရှုံးရခြင်းကို ၂၅ ရာခိုင်နှုန်း လျော့ကျရန် ကြိုးပမ်းမှုတွင်
ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
ကျွန်ုပ်တို့၏
နှလုံးကျန်းမာရေးအတွက် မိမိတို့ နေ့စဉ် ပြုမူဆောင်ရွက် နေသည်များကို အနည်းငယ်မျှ
ပြုပြင်ပြောင်းလဲလိုက်ခြင်းဖြင့် အသက်ရှည်၍ ပိုပြီး ကျန်းမာပျော်ရွှင်သောဘဝကို
ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။
''သို့ဖြစ်ပါ၍
နှလုံးကျန်းမာစေရန်အတွက် ရိုးရှင်းသော အမူအကျင့်များကို ယခုနှစ် ကမ္ဘာ့နှလုံး
ကျန်းမာရေးနေ့မှ စ၍ ပြုပြင်ပြောင်းလဲရန် ကတိပြုကြပါစို့''
ကျန်းမာရေးနှင့်
ညီညွတ်သော အစားအစာများကိုသာ စားသောက်ရန်
===================================
===================================
- အချိုဓာတ်များသော
ဖျော်ရည်များနှင့် အသီးဖျော်ရည်များအစား ရိုးရိုးရေနှင့် အချိုဓာတ်နည်းသော
ဖျော်ရည်များကို ရွေးချယ် သောက်သုံးပါ။
- အချိုဓာတ်များသော
သရေစာများအစား လတ်ဆတ်သော အသီး အနှံများကို အစားထိုးစားသုံးပါ။
- လက်တစ်ဆုပ်စာ
အသီးအနှံ သို့မဟုတ် ဟင်းသီးဟင်းရွက်များကို တစ်နေ့ ငါးကြိမ် စားသုံးပါ။
လတ်လတ်ဆတ်ဆတ် သို့မဟုတ် အအေးခံထားသော အသီးအနှံများနှင့် စည်သွတ်ဘူးများ၊ အခြောက်
ခံထားသော အသီးအနှံများကိုလည်း စားသုံးနိုင်ပါသည်။
- အရက်သေစာများကို
ရှောင်ကြဉ်သင့်ပါသည်။ သောက်သုံးပါက ချင့်ချိန်၍ သောက်သုံးပါ။
- သကြား၊ ဆားနှင့်
အဆီဓာတ်များစွာ ပါဝင်သည့် အသင့်စားသုံးရန် ပြင်ဆင်ထားသော အစားအစာများ
စားသုံးခြင်းကို လျှော့ချပါ။
- ကျောင်း (သို့မဟုတ်) အလုပ်တွင်
စားသုံးမည့် နေ့လယ်စာကို ကျန်းမာရေးနှင့် ညီညွတ်အောင် ပြင်ဆင်ချက်ပြုတ်ပါ။
လေ့ကျင့်ခန်း
ပြုလုပ်ရန်
=============
=============
- တစ်နေ့လျှင် နာရီဝက်၊
တစ်ပတ်လျှင် ငါးရက်၊ အသင့်အတင့် ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ပါ။
သို့မဟုတ် ပြင်းထန်သော လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါက တစ်ပတ်လျှင် ၇၅
မိနစ်ခန့် ကြာအောင် အချိန်ခွဲ၍ ပြုလုပ်ပါ။
- ပြေးလွှားကစားခြင်း၊
လမ်းလျှောက်ခြင်း၊ အိမ်မှုကိစ္စများ ပြုလုပ် ခြင်းနှင့် ကခုန်ခြင်းများလည်း
ပြုလုပ်နိုင်ပါသည်။
- နေ့စဉ် နေ့တိုင်း
တက်ကြွစွာ နေထိုင်ရန် လိုအပ်ပါသည်။ အလုပ်ခွင် တွင် ဓာတ်လှေကားအစား လှေကားကို
အသုံးပြုပါ။ ကားမောင်းသွား မည့်အစား လမ်းလျှောက်သွားပါ။ စက်ဘီးစီးပါ။
- သူငယ်ချင်းများ၊
မိသားစုဝင်များနှင့် လေ့ကျင့်ခန်း အတူတူလုပ်ခြင်း သည် သင့်ကို ပိုမိုတက်ကြွ
ပျော်ရွှင်စေပါသည်။
-
လေ့ကျင့်ခန်းအစီအစဉ်များ၊ လမ်းလျှောက်နှုန်းတိုင်းတာသော မီတာ များကို အင်တာနက်မှ
ကြည့်ရှု အသုံးပြုခြင်းဖြင့် မိမိ၏ လေ့ကျင့်မှု အတိုင်းအတာတိုးတက်မှုကို
သိရှိနိုင်ပါသည်။
- ကလေးများကိုလည်း
တက်ကြွလှုပ်ရှားစွာ နေထိုင်ရန် တိုက်တွန်းပါ။
ဆေးလိပ်မသောက်ရန်
=============
=============
-
ဆေးလိပ်မသောက်ခြင်းသည် သင့်ကျန်းမာရေး ကောင်းမွန်စေရန် အထောက်အကူပြုသည်။
- ဆေးလိပ်ဖြတ်ပြီး
နှစ်နှစ်အတွင်းတွင် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေသည် သိသာစွာ
ကျဆင်းနိုင်ပါသည်။
- ဆေးလိပ်ဖြတ်ပြီး ၁၅
နှစ်အကြာတွင် ဆေးလိပ် မသောက်သုံးသူများနှင့် တန်းတူဖြစ်လာနိုင်ပါသည်။
- တစ်ဆင့်ခံ
ဆေးလိပ်ငွေ့ ရှူရှိုက်မိသောသူများတွင်လည်း နှလုံး သွေးကြောရောဂါ ဖြစ်နိုင်ပါသည်။
- ထို့ကြောင့်
ဆေးလိပ်ဖြတ်ခြင်း (ဆေးလိပ်စမသောက်ခြင်း)သည် သင့်ကျန်းမာရေးအတွက်သာမက
သင့်ပတ်ဝန်းကျင်ရှိ လူများ၏ ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေပါသည်။
- လိုအပ်ပါက
ဆေးလိပ်ဖြတ်ရန်အတွက် ကျွမ်းကျင်သော ဆရာဝန် များထံမှ အကြံဥာဏ်ကောင်းများ
ရယူသင့်ပါသည်။
-
သင်ချစ်သောသူများအားလည်း ဆေးလိပ်ဖြတ်ရန် တိုက်တွန်းသင့် ပါသည်။
- မိမိ၏ ပတ်ဝန်းကျင်ကို
ဆေးလိပ်ကင်းစင်နယ်မြေဖြစ်စေရန် ဆောင်ကြဉ်းပါ။
ထို့အပြင်
သွေးတွင်းသကြားဓာတ် မြင့်တက်နေခြင်းသည် ဆီးချိုသွေးချို ရောဂါရှိနေကြောင်း
ညွှန်းဆိုသည်။ ထိုရောဂါရှင်အများစုသည် နှလုံးသွေး ကြောရောဂါဖြင့်
အသက်ဆုံးရှုံးကြရသည်။ ဆီးချိုရောဂါရှိကြောင်း မသိလျှင်၊ သိပြီး မကုဘဲထားမိလျှင်
နှလုံးသွေးကြောရောဂါနှင့် ဦးနှောက်လေဖြတ်ခြင်းတို့ ဖြစ်စေနိုင်သည်။
''သွေးတိုးခြင်းသည်လည်း
နှလုံးသွေးကြော ရောဂါဖြစ်စေသော အဓိက တရားခံ'' ဖြစ်သည်။ သွေးတိုးခြင်းသည်
ရောဂါလက္ခဏာ မပြသည့်အတွက် သင့်တွင် သွေးတိုးရောဂါရှိနေကြောင်းကို သတိမထားမိဘဲ
ဖြစ်နေတတ်သည်။
သွေးတိုးရောဂါကို
မထိန်းချုပ်နိုင်ပါက (သို့) မကုသဘဲထားပါက နောက်ဆက်တွဲ ရောဂါများဖြစ်သော
နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးအမော ဖောက်ခြင်း၊ ဦးနှောက်လေဖြတ်ခြင်း၊
ကျောက်ကပ်ပျက်စီးခြင်းနှင့် အမြင် အာရုံချွတ်ယွင်းခြင်း စသည့်ရောဂါများကို
ခံစားရနိုင်ပါသည်။ ထို့ကြောင့် သွေးတိုးရောဂါရှိနေပါက ဆရာဝန်နှင့် ပုံမှန်ဆွေးနွေး၍
ညွှန်ကြားသည့် ဆေးဝါးများကို မှန်မှန်မှီဝဲသုံးစွဲသင့်ပါသည်။
သွေးတွင်းအဆီဓာတ်
(ကိုလက်စထရော) များခြင်းကြောင့်လည်း တစ်နှစ် လျှင် လူ လေးသန်းခန့်
အသက်ဆုံးရှုံးကြရသည်။ မိမိ၏ သွေးတွင်းအဆီဓာတ်၊ ကိုယ်အလေးချိန်နှင့် ခန္ဓာကိုယ်
အညွှန်းကိန်းတို့ကို စစ်ဆေး၍ သိရှိထားရန် လိုအပ်ပါသည်။ သို့မှသာ သင့်တွင်
နှလုံးရောဂါဖြစ်နိုင်ခြေရှိ၊ မရှိကို သိရှိ နိုင်ပြီး လိုအပ်ပါက တတ်ကျွမ်းသော
ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပြီး အကြံပြုချက်များကို ရယူသင့်ပါသည်။
သို့ဖြစ်ပါ၍ ယခုနှစ်
ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့ကို ကြိုဆိုသောအားဖြင့် နှလုံးသားတိုင်း
ကျန်းမာစေခြင်းအတွက် လိုအပ်သော နည်းလမ်းများကို ထိထိမိမိလိုက်နာကြရန်နှင့်
ဆင့်ပွားပညာပေးခြင်းများကို ပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။
လူသားတိုင်း နှလုံးကျန်းမာမှု ရရှိနိုင်ပါစေ။
ပါမောက္ခနွယ်နွယ်

No comments:
Post a Comment