Friday, September 28, 2018

ရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းခြင်းနှင့် ဥပဒေ


မောင်စာဂ
၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့်လက်ရှိ လွှတ်တော်သက်တမ်း၏ ဒုတိယအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကာလ နီးကပ်လာပါပြီ၊ ရက်ပေါင်း ၃၀ လောက်သာလိုတော့သည်။ ရွေးကောက်ပွဲ မကျင်းပမီ ကာလ၊ ရွေးကောက်ပွဲ ကျင်းပနေစဉ်ကာလများတွင် ဆောင်ရွက်ရန်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည်များကို ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

ရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက်လည်း ဆောင်ရွက်ရန်ရှိမည့် အဓိက လုပ်ငန်းစဉ်နှစ်ရပ် ရှိသေးသည်။ ယင်းလုပ်ငန်းစဉ်များမှာ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခြင်းနှင့် ရွေးကောက်ပွဲ ကုန်ကျစရိတ်ငွေစာရင်း တင်သွင်းခြင်းတို့ဖြစ်သည်။ ပထမဦးစွာ ရွေးကောက်ပွဲ ကန့်ကွက်လွှာများကို မည်သို့တင်သွင်းရသနည်း။ မည်သို့အရေးယူ ဆောင်ရွက်ရသနည်း။ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေများ၊ နည်းဥပဒေများမှ ကောက်နုတ်၍ အနှစ်ချုပ် မျှဝေပါရစေ။

ရွေးကောက်ပွဲကန့်ကွက်လွှာ
▲▲▲▲▲▲▲▲▲▲
ရွေးကောက်ပွဲ ကန့်ကွက်လွှာ ဆိုသည်မှာ လွှတ်တော်ရွေးကောက်ပွဲ တစ်ရပ်တွင် ရွေးကောက်တင်မြှောက်ခြင်း ခံရသူလွှတ်တော် ကိုယ်စားလှယ်နှင့် စပ်လျဉ်း၍ဖြစ်စေ၊ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ဖြစ်စေ သတ်မှတ်ချက်များ နှင့်အညီ တင်သွင်းသော ကန့်ကွက်လွှာကို ဆိုပါသည်။ရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းခွင့်ရှိသူများ
(က) ယှဉ်ပြိုင်အရွေးခံသော မည်သည့်လွှတ်တော် ကိုယ်စားလှယ်လောင်းကမဆို သို့မဟုတ်၊
(ခ) ယင်းမဲဆန္ဒနယ်တွင်ရှိ မဲစာရင်းတွင်ပါဝင်သူ၊ မည်သည့်မဲဆန္ဒရှင်ကမဆို ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဆီလျော်သော အကြောင်းပြချက်များကို ဖော်ပြပြီး ကန့်ကွက်လွှာ တင်သွင်းနိုင်သည်။
ကန့်ကွက်လွှာ တင်သွင်းရမည့် အချိန်ကာလနှင့်အဖွဲ့အစည်း
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်၏အမည်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲက ကြေညာသည့်နေ့မှစ၍ ၄၅ ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းရမည်။
ကန့်ကွက်လွှာတင်သွင်းခြင်း နည်းလမ်းနှစ်သွယ်
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးကို ကန့်ကွက်ခြင်း နည်းလမ်းနှင့် ယင်းမဲဆန္ဒနယ်အတွက် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှုမရှိကြောင်း ကန့်ကွက်ခြင်းနည်း လမ်းတို့ဖြစ်သည်။
ကန့်ကွက်ခြင်းမပြုနိုင်သောကိစ္စ
▲▲▲▲▲▲▲▲▲▲▲▲▲
လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ်မ ၅၃ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ပြီး သည့်ကိစ္စရပ်များအပေါ် ကန့်ကွက်လွှာတင်သွင်းခြင်းမပြုနိုင်ပါ။
ကန့်ကွက်လွှာတွင်ဖော်ပြရန်အချက်များ
(က) အထောက်အထားအဖြစ် တင်ပြလိုသောအရေးကြီးသည့် အချက်များကို အကျဉ်းချုပ်ဖော်ပြရန်၊
(ခ) လိုအပ်လျှင် ကန့်ကွက်ချက်များကို စာပိုဒ်များခွဲ၍ အမှတ်စဉ်ရေးထိုးရန်၊
(ဂ) ကန့်ကွက်ချက်များကို တရားမကျင့်ထုံးဥပဒေအရ အဆိုအချေများ ဟုတ်မှန်ကြောင်း ဝန်ခံရန် ပြဋ္ဌာန်းထားသည့် နည်းလမ်းများအတိုင်း ကန့်ကွက်ချက်များ ဟုတ်မှန်ကြောင်း ကန့်ကွက်သူက ဝန်ခံလက်မှတ် ရေးထိုးရန်၊
(ဃ) မိမိစွပ်စွဲလိုသော တရားမဲ့ ပြုကျင့်မှုနှင့် ပတ်သက်သည့် အချက်အလက်များ၊ တရားမဲပြကျင့်မှု အသီးသီးကို ကျူးလွန်သောနေ့ရက်နှင့် နေရာများကိုဖော်ပြသော စာရင်းတစ်စောင်ကို ကန့်ကွက်လွှာနှင့်အတူ ပူးတွဲတင်သွင်းရန်၊
(င) အပိုဒ်ခွဲ (ဃ) အရ စာရင်းတွင်လည်း မှန်ကန်ကြောင်း ဝန်ခံလက်မှတ်ရေးထိုးရန်၊
(စ) ကန့်ကွက်သူက မိမိသာလျှင် ရွေးကောက်တင်မြှောက်ခံရသူဖြစ်သည်ဟု ကြေညာပေးစေလိုကြောင်း တောင်းဆိုလိုပါက အောက်ပါအကြောင်းပြချက် တစ်ရပ်ရပ်ကိုအခြေခံရန်-
--(၁) လျှောက်ထားသူသာလျှင် ခိုင်လုံမဲအများဆုံးရသည်မှာ အမှန်ဖြစ်သည်ဟူသောအကြောင်းပြချက်၊
--(၂) လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွေးကောက်တင်မြှောက်ခံရသူ ရရှိသောမဲများတွင် တရားမဲပြုကျင့်မှုကြောင့် ရရှိသောမဲများမပါရှိခဲ့သော် လျှောက်ထားသူသာ ခိုင်လုံသော မဲအများဆုံးကို ရရှိနိုင်သည်ဟူသော အကြောင်းပြချက်၊
(ဆ) အပိုဒ်ခွဲ (စ) အရ ကန့်ကွက်လွှာတင်သွင်းသည့်အခါ ရွေးကောက်ပွဲတွင် ပါဝင်ရွေးကောက်တင် မြှောက်ခံရသူများအနက်မှ ၎င်းက ကန့်ကွက်လိုသူများကို ကန့်ကွက်လွှာ၌ ထည့်သွင်းရန်၊
အမှုစရိတ်ငွေပေးသွင်းခြင်း
▲▲▲▲▲▲▲▲▲▲
(က) ကန့်ကွက်လွှာတင်သွင်းသူသည် ကန့်ကွက်လွှာနှင့်အတူ နိုင်ငံတော်ကကုန်ကျမည့် အမှုစရိတ်အတွက် ငွေကျပ်ငါးသိန်းကို ကော်မရှင်ကသတ်မှတ်သည့် ငွေစာရင်းခေါင်းစဉ်သို့ ပေးသွင်းရန်၊
(ခ) ကန့်ကွက်လွှာတစ်စောင်၌ ကန့်ကွက်သူတစ်ဦးထက်ပို၍ ပါရှိလျှင် ကန့်ကွက်သူတစ်ဦးချင်းအလိုက် ငွေကျပ်ငါးသိန်းစီပေးသွင်းရန်။
မှတ်ချက်။ အဆိုပါ ပေးသွင်းထားသောအမှုစရိတ်များကို မည်သည့်အကြောင်း ကြောင်းမျှ ပြန်လည်ထုတ်ယူခွင့် မရှိစေရပါ၊
အမှုစရိတ်အတွက် ငွေပေးသွင်းပြီးကြောင်း အထောက်အထားကို ကန့်ကွက်လွှာနှင့် တစ်ပါတည်း မတင်သွင်းလျှင် ယင်းကန့်ကွက်လွှာကို အရေးယူခြင်းပြုမည်မဟုတ်ပါ။
ရွေးကောက်ပွဲခုံအဖွဲ့များဖွဲ့စည်းခြင်း
▲▲▲▲▲▲▲▲▲▲▲▲▲▲
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲ ကန့်ကွက်လွှာများကို စစ်ဆေးပြီး အစီရင်ခံစာ တင်ပြစေရန် ရွေးကောက်ပွဲခုံအဖွဲ့များကိုအောက်ပါ နည်းလမ်းများဖြင့်ဖွဲ့စည်းပါသည်-
(က) ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ကျန်ကော်မရှင်အဖွဲ့ဝင်နှစ်ဦးပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့၊
(ခ) ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဥပဒေကျွမ်းကျင်သော သင့်လျော်သည့် နိုင်ငံသားနှစ်ဦး ပါဝင်သောရွေးကောက်ပွဲခုံအဖွဲ့။
မှတ်ချက်။ ရွေးကောက်ပွဲခုံအဖွဲ့ဝင်များသည် မည်သည့်နိုင်ငံရေးပါတီဝင်မျှမဖြစ်စေရပါ၊
ကော်မရှင်အဖွဲ့ဝင်မဟုတ်သော ရွေးကောက်ပွဲခုံ အဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေကို ကော်မရှင်က သတ်မှတ်ပေးပါသည်။
ရွေးကောက်ပွဲခုံအဖွဲ့များက ဆောင်ရွက်ခြင်း
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ရွေးကောက်ပွဲ ကန့်ကွက်လွှာနှင့် စပ်လျဉ်းသည့်အရေးယူဆောင်ရွက်ရန်ရှိသော ကိစ္စအားလုံးကို ရွေးကောက်ပွဲခုံအဖွဲ့များက စီမံဆောင်ရွက်ရပါသည်။
စစ်ဆေးခြင်းမပြုမီ ဆောင်ရွက်ခြင်း
▲▲▲▲▲▲▲▲▲▲▲▲▲▲
ရွေးကောက်ပွဲခုံအဖွဲ့သည် ကန့်ကွက်လွှာ မိတ္တူတစ်စောင်စီကို ကန့်ကွက်ခံရသူအသီးသီးထံသို့ ဆောလျင်စွာပေးပို့ရမည်။ ကန့်ကွက်လွှာမိတ္တူကို နိုင်ငံတော်ပြန်တမ်းတွင်ထုတ်ပြန်ကြေညာစေရမည်။ ကန့်ကွက်လွှာ မိတ္တူတစ်စောင်ကို ခုံရုံးရှိ အများမြင်သာသောကြော်ငြာသင်ပုန်းတွင် ကပ်ထားရမည်။
ပြန်လည်ကန့်ကွက်လွှာတင်သွင်းခွင့်ရှိခြင်း
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ကြော်ငြာစာကပ်ထားပြီးနောက် ၁၅ ရက်အတွင်း ကန့်ကွက်ခံရသူတစ်ဦးဦးကဖြစ်စေ၊ ကန့်ကွက်ပိုင်ခွင့်ရှိသော မဲဆန္ဒရှင် တစ်ဦးဦးကဖြစ်စေ အမှုစရိတ်အတွက် ငွေကျပ်ငါးသိန်းကို သတ်မှတ်ထားသည့်အတိုင်း ပေးသွင်းပြီး ပြန်လည်၍ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးတစ်ရပ်ရပ်ကို တင်ပြတောင်ခံခွင့်ရှိသည်။
ကန့်ကွက်လွှာများကို စစ်ဆေးခြင်း
▲▲▲▲▲▲▲▲▲▲▲▲▲▲
ရွေးကောက်ပွဲခုံအဖွဲ့သည် ကန့်ကွက်လွှာများကိုစစ်ဆေးရာ၌ -
(က) မဲဆန္ဒနယ်တစ်နယ်တွင် ကျင်းပသော ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်ထက်ပိုပြီးတင်သွင်းသော ကန့်ကွက်လွှာများကို ခွဲ၍ဖြစ်စေ၊ ပေါင်း၍ဖြစ်စေ မိမိတို့သဘောအတိုင်း စုံစမ်းစစ်ဆေးနိုင်သည်။
(ခ) ရွေးကောက်ပွဲနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ တရားမကျင့်ထုံး ဥပဒေအရ တရားမမှုများကိုစစ်ဆေးရာတွင် လိုက်နာရသည့်ကျင့်ထုံးနှင့်အညီ စစ်ဆေးရသည်။
(ဂ) စုံစမ်းစစ်ဆေးသော လုပ်ငန်းတစ်စိတ်တစ်ဒေသအတွက်လိုအပ်ပါက အခြားဒေသတွင်လည်း ရုံးထိုင်၍ စစ်ဆေးနိုင်သည်။
(ဃ) ခုံရုံးသို့လာရောက်ရန် အခက်အခဲရှိသည့်သက်သေတစ်ဦးဦးကို စစ်ဆေးရန်လိုအပ်လျှင် ရွေးကောက်ပွဲခုံအဖွဲ့ဝင်တစ်ဦးဦးကို ကိုယ်စားလှယ်အဖြစ် စေလွှတ်၍ ဖြစ်စေ၊ တရားမကျင့်ထုံး ဥပဒေအမိန့် ၂၆ ပါပြဋ္ဌာန်းချက်များအရ ကော်မရှင်ခန့်ထား၍ဖြစ်စေ စစ်ဆေးနိုင်သည်။
(င) အရေးပါသော သက်သေခံချက်များ ထွက်ဆိုနိုင်မည်ဟုယူဆသော မည်သည့်ပုဂ္ဂိုလ်ကိုမဆိုဆင့်ဆို၍ စစ်ဆေးနိုင်သည်။
(စ) သက်သေခံဥပဒေပါ ပြဋ္ဌာန်းချက်များကိုကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။
(ဆ) မည်သည့်စာချုပ်စာတမ်းကိုမျှ တံဆိပ်ခေါင်းပြည့်စုံစွာကပ်ထားခြင်းမရှိသော အကြောင်းကြောင့်ဖြစ်စေ၊ မှတ်ပုံတင်ခြင်းမပြုသောအကြောင်းကြောင့်ဖြစ်စေ သက်သေခံအဖြစ်လက်မခံဘဲ မနေရ။
(ဇ) ပေါ်ပေါက်လျက်ရှိသည့် ငြင်းချက်များနှင့်စပ်လျဉ်း၍ မေးသောမေးခွန်းများကို သက်သေက ဖြေဆိုရမည်။ သို့ရာတွင် မည်သူအားဆန္ဒမဲပေးခဲ့သည်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုရ။မေးခွန်းတစ်ရပ်ကို မဖြစ်မနေ ဖြေဆိုရခြင်းကြောင့် ထိုဖြေဆိုသူအား ဖြေဆိုချက်ကိုအကြောင်းပြု၍ မုသားသက်သေထွက်ဆိုသည်ဟု တရားစွဲဆိုသော ပြစ်မှုမှအပ အခြားမည်သည့်ပြစ်မှုတွင်မှ ထိုဖြေဆိုချက်ကိုသက်သေခံအဖြစ်အသုံးမပြုရ။
(ဈ) လိုအပ်ပါက ပြည်ထောင်စုရှေ့နေချုပ်ကို ရုံးသဟာရအဖြစ်ဖိတ်ကြား၍ ဥပဒေ အကြံဉာဏ်များ တောင်းခံနိုင်သည်။ ပြည်ထောင်စုရှေ့နေချုပ်သည် မိမိကိုယ်တိုင်ခုံအဖွဲ့သို့ မလာရောက်နိုင်ပါက ဥပဒေအရာရှိအဆင့် (၁)အောက် မနိမ့်သည့်ပုဂ္ဂိုလ်အား စေလွှတ်၍ဆောင်ရွက်စေနိုင်သည်။
(ည) ရွေးကောက်ပွဲခုံအဖွဲ့ဝင်တစ်ဦး လစ်လပ်မှုကြောင့် အစားထိုးခန့်အပ်ပြီး ပြန်လည်ဖွဲ့စည်းသော ခုံအဖွဲ့သည် စုံစမ်းစစ်ဆေးဆဲဖြစ်သောကန့်ကွက်လွှာများကို အသစ်ပြန်လည်စစ်ဆေးလိုက စစ်ဆေးနိုင်သည်။
ရွေးကောက်ပွဲခုံအဖွဲ့သို့ လာရောက်ရန်တာဝန်ရှိခြင်း
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
လျှောက်ထားသူ သို့မဟုတ် လျှောက်ထားခံရသူကိုယ်တိုင်ဖြစ်စေ ရှေ့နေ သို့မဟုတ် ကိုယ်စားလှယ်ဖြစ်စေ လာရောက် ဆောင်ရွက်နိုင်သည်။ သို့ရာတွင် ကိုယ်တိုင်လာရောက်ရမည်ဟု ခုံအဖွဲ့က ညွှန်ကြားလျှင် ကိုယ်တိုင် လာရောက်ရမည်။
ကန့်ကွက်ခံရသူလာရောက်ရန်ပျက်ကွက်ခြင်း
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ကန့်ကွက်သူက မိမိသာလျှင် ရွေးကောက်တင်မြှောက် ခံရသူဖြစ်သည်ဟု ကြေညာပေးရန် တောင်းဆိုသည့် ကိစ္စတွင် -
(က) ကန့်ကွက်ခံရသူကွယ်လွန်လျှင်၊ ကန့်ကွက်ခံရသူက ကန့်ကွက်မှုကို မချေပလိုကြောင်းအကြောင်းကြားစာ ပေးပို့ခဲ့လျှင်၊ ကန့်ကွက်ခံရသူက ဆင့်ခေါ်စာကို လက်ခံရရှိသော်လည်း ချိန်းဆိုသောနေ့ရက်တွင် ခိုင်လုံသော အကြောင်းမရှိဘဲ ခုံအဖွဲ့၏ ရှေ့မှောက်သို့လာရောက်ရန် ပျက်ကွက်လျှင်၊ ရွေးကောက်ပွဲခုံအဖွဲ့သည် ထိုအကြောင်းအချက်များပါရှိသည့် အမိန့်ကြော်ငြာစာကိုအများ သိရှိစေရန်ထုတ်ပြန်ကြေညာရမည်။
(ခ) ထိုကြေညာချက်ကို နိုင်ငံတော်ပြန်တမ်းတွင်ထည့်သွင်းဖော်ပြနိုင်ရန် ကော်မရှင်သို့ ပေးပို့ရမည်။
(ဂ) ထိုသို့ကြေညာသည့်နေ့မှစ၍ ၁၅ ရက်အတွင်းယှဉ်ပြိုင်အရွေးခံခဲ့သူ သို့မဟုတ် သက်ဆိုင်ရာ မဲဆန္ဒရှင်တစ်ဦးက ကန့်ကွက်လွှာကို ချေပရန်ကန့်ကွက်ခံရသူအစား မိမိကိုထည့်သွင်းစေ လိုကြောင်း လျှောက်ထားနိုင်သည်။
(ဃ) ထိုသို့လျှောက်ထားရာ၌ အမှုစရိတ်အတွက် ငွေကျပ်ငါးသိန်းကို သတ်မှတ်ထားသည့်အတိုင်း ပေးသွင်းခဲ့လျှင် ထိုသူသည် ကန့်ကွက်ခံရသူအဖြစ် အစားထည့်သွင်းခွင့် ရရှိမည့်အပြင် ဆက်လက် တရားရင်ဆိုင် နိုင်ခွင့် ရရှိပါသည်။
(င) သတ်မှတ်ထားသည့်ရက် ၁၅ ရက်ကုန်ဆုံးသည်အထိ ကန့်ကွက်ခံရသူအဖြစ် အစားထည့် သွင်းစေလိုကြောင်း လျှောက်ထားသူမရှိလျှင် ရွေးကောက်ပွဲခုံအဖွဲ့သည် ကန့်ကွက်သူအား ရွေးကောက် တင်မြှောက် ခံရသူအဖြစ် ကြေညာပေးရမည်။
(စ) ထိုသို့ ကြေညာချက် အတည်ပြုနိုင်ရန်နှင့်နိုင်ငံတော်ပြန်တမ်း၌ ထည့်သွင်းဖော်ပြနိုင်ရန်ကော်မရှင်သို့ ပေးပို့ရမည်။
ပြင်ဆင်မှုတင်သွင်းနိုင်ခွင့်ရှိခြင်း
▲▲▲▲▲▲▲▲▲▲▲▲
ခုံအဖွဲ့က ကြားနာစစ်ဆေးနေစဉ်အတွင်း ချမှတ်သည့် အမိန့်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ဥပဒေရေးရာ ပြဿနာပေါ်ပေါက်ကြောင်း ပြင်ဆင်မှု တင်သွင်းလိုသူသည် -
(က) နိုင်ငံတော်က ကုန်ကျမည့်အမှုစရိတ်အတွက်ငွေကျပ်သုံးသိန်းကို သတ်မှတ်ပေးသည့် ငွေစာရင်း ခေါင်းစဉ်သို့ ပေးသွင်းရမည်၊
(ခ) အမိန့်ချမှတ်သည့်နေ့မှ သုံးရက်အတွင်းကော်မရှင်သို့ တင်သွင်းရမည်၊
(ဂ) တင်သွင်းလွှာနှင့်အတူ ငွေပေးသွင်းပြီးကြောင်းချလံမူရင်းနှင့် ခုံအဖွဲ့၏ အမိန့်မိတ္တူ ပါရှိရမည်။
ပြင်ဆင်မှုကိုကြားနာစစ်ဆေးခြင်း
▲▲▲▲▲▲▲▲▲▲▲▲
ကော်မရှင်သည် -
(က) လွှတ်တော်နည်းဥပဒေများပါ ပြဋ္ဌာန်းချက်ကိုမဆန့်ကျင်စေဘဲ တရားမပြင်ဆင်မှုများကိုစစ်ဆေးရာတွင် လိုက်နာရသည့် ကျင့်ထုံးနှင့်အညီ ကြားနားစစ်ဆေးရမည်၊
(ခ) ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အားလုံးပါဝင်သော စုံညီခုံရုံးဖြင့်ဖြစ်စေ၊ သို့မဟုတ် ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်နှစ်ဦးပါဝင်သည့် ခုံရုံးဖြင့်ဖြစ်စေ ရုံးထိုင်စစ်ဆေးနိုင်သည်၊
(ဂ) ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်နှစ်ဦးပါရှိသည့်ခုံရုံးဖြင့်စစ်ဆေးပါက မူလခုံအဖွဲ့တွင်ပါဝင်သည့် ကော်မရှင်အဖွဲ့ဝင်များမပါဝင်စေရ။အယူခံမှုတင်သွင်းနိုင်ခွင့်ရှိခြင်း
ရွေးကောက်ပွဲခုံအဖွဲ့၏ အပြီးသတ်ဆုံးဖြတ်ချက်ကို မကျေနပ်သည့် ကန့်ကွက်သူ သို့မဟုတ် ကန့်ကွက်ခံရသူသည် ကော်မရှင်သို့ အောက်ပါအတိုင်း အယူခံမှုတင်သွင်းနိုင်သည် -
(က) နိုင်ငံတော်က ကုန်ကျမည့် အမှုစရိတ်ငွေကျပ်ငါးသိန်းကို သတ်မှတ်ထားသည့် ငွေစာရင်းခေါင်း စဉ်သို့ပေးသွင်းရမည်၊
(ခ) ငွေကျပ်ငါးသိန်းပေးသွင်းပြီးကြောင်း ချလန်မူရင်းတင်ပြ၍ ခုံအဖွဲ့၏ ဆုံးဖြတ်ချက်မိတ္တူကိုထုတ်ယူနိုင်သည်၊
(ဂ) ခုံအဖွဲ့ကဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှ ၁၅ ရက်အတွင်း ကော်မရှင်သို့ တင်သွင်းရမည်၊
(ဃ) တင်သွင်းလွှာနှင့်အတူ ငွေပေးသွင်းပြီးကြောင်း ချလန်မူရင်းနှင့် ခုံအဖွဲ့၏ ဆုံးဖြတ်ချက် မိတ္တူပါရှိရမည်။
အယူခံမှုကိုကြားနာစစ်ဆေးခြင်း
▲▲▲▲▲▲▲▲▲▲▲▲▲
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အယူခံမှုများကို ကြားနာစစ်ဆေးရာတွင် ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင် အားလုံးပါဝင်သည့် စုံညီခုံရုံးဖြင့် ကြားနာစစ်ဆေးရမည်၊ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများပါပြဋ္ဌာန်းချက်များကို မဆန့်ကျင်စေဘဲ တရားမ ကျင့်ထုံးဥပဒေအရ လိုက်နာရသည့် ကျင့်ထုံးနှင့်အညီ ကြားနာစစ်ဆေးရမည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ခြင်း
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ကော်မရှင်သည် ပြင်ဆင်မှု သို့မဟုတ် အယူခံမှုများကိုကြားနာစစ်ဆေးရာတွင် လျှောက်ထားသူနှင့် လျှောက်ထားခံရသူ အားဖြစ်စေ၊ ၎င်းတို့၏ရှေ့နေ သို့မဟုတ် ကိုယ်စားလှယ်အားဖြစ်စေ လိုအပ်သလို ကြားနာပြီးနောက် အောက်ပါ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။
(က) ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊
(ခ) ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခြင်း။
ကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။
နိုင်ငံတော်ပြန်တမ်းတွင်ထုတ်ပြန်ကြေညာခြင်း
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
(က) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်ကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ် ပြန်ကြေညာရမည်၊
(ခ) ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို သတ်မှတ်ကာလအတွင်း အယူခံလျှောက်ထားခြင်းမရှိလျှင် ယင်းဆုံးဖြတ်ချက်ကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။
အကျိုးသက်ရောက်မှု
▲▲▲▲▲▲▲▲▲
ရွေးကောက် တင်မြှောက်ခြင်းသည် ပျက်ပြယ်ကြောင်း ကော်မရှင်က နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန် ကြေညာခြင်းခံရသူသည် ယင်းသို့ကြေညာသည့်နေ့မှစ၍ လက်ရှိ လွှတ်တော် သက်တမ်းအတွင်း ရွေးကောက်ပွဲများတွင် လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရရှိပါ။
တရားစရိတ်ငွေများ
▲▲▲▲▲▲▲▲
ခုံအဖွဲ့ကသော်လည်းကောင်း၊ ကော်မရှင်ကသော်လည်းကောင်း ချမှတ်သည့် တရားစရိတ်ငွေကို ချမှတ်ခြင်း ခံရသည့် ကန့်ကွက်သူကဖြစ်စေ၊ ကန့်ကွက်ခံရသူက ဖြစ်စေပေးဆောင်ရန် ပျက်ကွက်ပါက သက်ဆိုင်ရာ ခုံအဖွဲ့သည်တရားမကျင့်ထုံးဥပဒေတွင် ပြဋ္ဌာန်းထားသည့် ဇာရီမှုအတည်ပြုခြင်းဆိုင်ရာ ကျင့်ထုံးများနှင့်အညီ ဆောင်ရွက်ရမည်။
ကန့်ကွက်လွှာတင်သွင်းခြင်းမျိုး မဖြစ်ပေါ်စေလိုပါ
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသူများအားလုံးကတရားသောနည်းလမ်းများဖြင့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ ကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ကြပါလျှင် ကန့်ကွက်လွှာ တင်သွင်းခြင်းများ ရှိမလာနိုင်ပါ။ထိုသို့မဟုတ်လျှင် ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းခြင်းများ ရှိနေမည်။ ကန့်ကွက်လွှာ တင်သွင်းခြင်းဖြင့်မဲဆန္ဒရှင်များ၏ ဆန္ဒမဲပေးမှု ရလဒ်အမှန်ကို ဖော်ထုတ်ကြရသည်။
သို့ဖြစ်ရာ ကန့်ကွက်လွှာ တင်သွင်းခြင်းမျိုး ကြုံလာလျှင်မှန်မှန်ကန်ကန်နှင့် ခိုင်ခိုင်မာမာ အထောက်အထားများ တင်ပြပေးရန် လိုအပ်သည်။ ကန့်ကွက်လွှာအပေါ် အဆုံးအဖြတ်ပြုရသည့် ခုံအဖွဲ့များကလည်း ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျစွာ မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချမှတ်ပေးနိုင်မှသာလျှင် မဲဆန္ဒရှင်များ၏ ဆန္ဒမဲပေးမှုရလဒ်အစစ်အမှန်ကို ရရှိမည်ဖြစ်ကြောင်းပါ။
- ကန့်ကွက်လွှာတင်သွင်းခြင်းမဖြစ်စေရေး သတိပြုဆောင်ရွက်နိုင်ကြပါစေ၊
- ကန့်ကွက်လွှာတင်သွင်းခြင်း ကြုံလာလျှင်လည်း ဥပဒေနှင့်အညီ မှန်ကန်ခိုင်မာစွာ ဖြေရှင်းနိုင်ပါစေ။
-မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးမှုရလဒ် အစစ်အမှန်ကို တရားသဖြင့် ရရှိနိုင်ကြပါစေ။

No comments:

Post a Comment