Friday, September 28, 2018

အသက် ၁၄နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ကျား/မဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား မိုင်းဖြတ်၌ကျင်းပ


မိုင်းဖြတ် ၊ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မြို့နယ်ပညာရေးမှူးဖလား အသက်(၁၄)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ၊ ကျား/မဘောလုံးပြိုင်ပွဲအား စက်တင်ဘာလ ၁၉ ရက်နေ့မှ ယှဉ်ပြိုင်ကစားခဲ့ရာ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

အဆိုပါဘောလုံးပြိုင်ပွဲကို မိုင်းဖြတ်မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ကျား (၆)သင်း၊ မ(၇)သင်းတို့က ပတ်လည်ဖြင့်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယနေ့ညနေ ၃နာရီက (ကျား)ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲကို အ.ထ.က(မိုင်းဖြတ်)ကျောင်းနှင့် အ.ထ.က(ဟိုးနား)ကျောင်းတို့မှ ယှဉ်ပြိုင်ကစားခဲ့ကြရာ အ.ထ.က(ဟိုနား)အသင်း က အထက(မိုင်းဖြတ်)အသင်းကို ၃ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က (ကျား)အသင်းတွင် ပထမဆုရ အ.ထ.က (ဟိုနား)အသင်း ကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးစိုင်းသန်းလူက (မ)အသင်းတွင် ပထမဆုရ အ.ထ.က(မိုင်းဖြတ်) အသင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က (ကျား)အသင်းတွင် ဒုတိယဆုရရှိသည့် အ.ထ.က(မိုင်းဖြတ်) အသင်းကို လည်းကောင်း၊ မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးက (မ)အသင်းတွင် ဒုတိယဆုရ မူလွန် ကွက်သစ်အသင်းကို လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်းက (ကျား)အသင်းတွင် တတိယဆုရရှိသည့် အ.လ.က(၂၂၁)အသင်းကိုလည်းကောင်း၊ မြို့နယ် စာရင်းစစ်မှူး ဒေါ်စန်းစန်းဝင်းက (မ)အသင်း တွင် တတိယဆုရရှိသည့် အလက(ပါဆန်း) အသင်းကို လည်း ကောင်းအသီးသီး တံခွန်စိုက်ဒိုင်းဆုများကို ပေးအပ် ချီးမြှင့်ခဲ့သည်။
ထို့နောက် ဦးစီအရာရှိ ဒေါ်နန်းခင်မြင့်ထွေးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ခံ ဦးအေးမင်းကြိုင်တို့က ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်အသင်းများနှင့် အကောင်းဆုံးဘောလုံး သမားဆုများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး (ပြန်/ဆက်)

No comments:

Post a Comment