Friday, September 28, 2018

မကူးစက်နိုင်သော ရောဂါများကာကွယ်နှိမ်နှင်းရေးလုပ်ငန်းဆိုင်ရာ အသိပေးဆွေးနွေးပွဲကျင်းပ


ထားဝယ် စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အဆင့် မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းဆိုင်ရာ အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၀၉း၀၀ နာရီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ဆွေးနွေးပွဲတွင် ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဥက္ကာက မကူးစက်နိုင်သော ရောဂါများသည် လူတစ်ဦးမှ တစ်ဦးသို့ ရောဂါကူးစက်ခြင်းကြောင့်မဟုတ်ပဲ ကျန်းမာရေးနှင့်မညီညွတ်သော လူမှုဘ၀နေထိုင်မှုပုံစံများတွင် ကြာရှည် စွာ စားသောက်နေထိုင် ထိတွေ့ နေခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါများကို ခေါ်ကြောင်း ၊ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်အတွင်း ကောက်ယူရရှိသော ကျန်းမာရေးစာရင်းဇယားများအရ သေဆုံးခြင်းအကြောင်းအရင်းများ၏ (၅၉) ရာခိုင်နှုန်းမှာ မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်ပြီး သေဆုံးမှုများအနက် (၂၅) ရာခိုင်နှုန်းမှာ နုလုံးသွေးကြော ရောဂါများ၊ (၁၁) ရာခိုင်နှုန်းမှာ ကင်ဆာရောဂါများ၊ (၉) ရာခိုင်နှုန်းမှာ နာတာရှည်အဆုတ်နှင့် အသက်ရှု လမ်းကြောင်း ဆိုင်ရာ ရောဂါများနှင့် (၃) ရာခိုင်နှုန်း ဆီးချိုသွေးချိုရောဂါများကြောင့်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒေါက်တာ ဥက္ကာက ၂၀၁၄ ခုနှစ် မြန်မာပြည်လုံးဆိုင်ရာ (STEP Survey) စစ်တမ်းကောက်ယူခြင်းမှာ အဓိကတွေ့ရှိချက်များအကြောင်း၊ ကာကွယ်၍ရသော အဓိကအကြောင်းအရင်းများနှင့် သေဆုံးမှုပမာဏ (ကမ္ဘာ့ အခြေအနေ) အကြောင်း ၊ ရောဂါထိန်းချုပ်နိုင်သော နည်းလမ်းများအကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment