နေပြည်တော် စက်တင်ဘာ ၂၇
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့်
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းနှင့်
လူ့အခွင့်အရေးဘာသာရပ် ဆိုင်ရာဆွေးနွေးပွဲ ကို ယနေ့ နံနက်ပိုင်းတွင်
နေပြည်တော်ရှိ၊ Park Royal Hotel ၌ ကျင်းပသည်။ ရှေးဦးစွာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြက နိုင်ငံဖွံ့ဖြိုး တိုးတက်မှု ရရှိရန် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ လိုအပ်သကဲ့သို့ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်ကချမှတ် ထားသော ဥပဒေများ၊ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် အညီဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယနေ့ ကျင်းပသည့် ဆွေးနွေးပွဲတွင် ကုလသမဂ္ဂက ချမှတ်ထားသည့် UN Guiding Principles on Business and Human Rights ကိုအကောင် အထည်ဖော်မှုနှင့် စပ်လျဉ်းသည့် ကောင်းမွန်သော ကျင့်စဉ်များ၊ ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ဆွေးနွေးမည် ဖြစ်သဖြင့် စီးပွားရေး လုပ်ငန်းနှင့် လူ့အခွင့် အရေးနှင့် ဆက်စပ်သော ပြဿနာများအပေါ် ပိုမိုသိရှိနားလည်မှု ရရှိရေးအတွက် များစွာ အထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ်ကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် UNDP မှ ဌာနေညွှန်ကြားရေးမှူး Mr. Peter Batchelor က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတကာ ကော်ပိုရေးရှင်းများအတွက် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်တစ်ခုပြဋ္ဌာန်းရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှု သမိုင်းကြောင်းနှင့် ကြုံတွေ့ရသည့် အခက်အခဲများ၊ ကဏ္ဍတစ်ခု ချင်းစီ၏ ဦးစားပေးနယ်ပယ်များ၌ လူ့အခွင့်အရေးကို ထည့်သွင်း စဉ်းစားရန် မြန်မာနိုင်ငံ၏ တာရှည် ခံသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းမှ အခွင့်အလမ်းများ ပေါ်ပေါက်စေကြောင်း စသည်ဖြင့် ထည့်သွင်း ပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲ အစီအစဉ်အရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က “မြန်မာနိုင်ငံတွင် တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖြစ်ထွန်းလာ စေရန်အားပေးမှုတွင် အထူးစီးပွားရေးဇုန်များနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီးဟန်ချက် ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၏ အခန်းကဏ္ဍ” နှင့် စပ်လျဉ်း၍ လည်းကောင်း၊ UNDP မှ နည်းပညာ အကြံပေးအရာရှိချုပ် Mr. Scott Ciment က “တရားဥပဒေ စိုးမိုးရေးနှင့် ကုလသမဂ္ဂ၏ လမ်းညွှန်အခြေခံမူများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ UNDP မှ နည်းပညာ ကျွမ်းကျင်သူ Mr. LivioSarandrea က “ကုလသမဂ္ဂ၏ လမ်းညွှန် အခြေခံမူများ၊ လမ်းညွှန် အခြေခံမူများတွင် ပါဝင်သည့် အကြောင်းအရာများကို နားလည်စေခြင်း၊ စိန်ခေါ်မှုများနှင့် ထိရောက်မှု” ခေါင်းစဉ်နှင့် “စီးပွားရေး လုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်များ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Heineken စီးပွားရေးလုပ်ငန်းမှ ကိုယ်စားလှယ်က “လူ့အခွင့်အရေးလေးစားလိုက်နာရေးတွင် စီးပွားရေး လုပ်ငန်းများသည် အစိုးရထံမှ အကူအညီလိုအပ်ပုံ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရန်ကုန်မြို့ရှိဗြိတိန်သံရုံး မှ Head of Economic and Prosperity , Ms. Claire Kirkham က “မြန်မာနိုင်ငံတွင် တာဝန်ခံမှုရှိသော ကျင့်ဝတ်နှင့် ကိုက်ညီသည့် ရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်း သံတမန် အသိုင်းအဝိုင်းမှ သဘောထားအမြင်” ခေါင်းစဉ် တို့ဖြင့် ဆွေးနွေးကြသည်။
ဆက်လက်၍ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး ဘာသာရပ်နှင့်စပ်လျဉ်း၍ ပညာရှင်များကဆွေးနွေးသည့် အစီအစဉ်တွင် UNDP မှ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ Mr. Sean Lees က အစီအစဉ် ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး “မြန်မာနိုင်ငံအတွက် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲ ကျင်းပရာတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေ၊ International Labour Organization, Myanmar မှ Liaison Officer , Mr. Rory Mungoven၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(UMFCCI) မှ အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာနမှ Director Ms. Vicky Bowman တို့ကဆွေးနွေးကြပြီး မေးမြန်းချက်များကို ဖြေကြားခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment