စစ်တွေ စက်တင်ဘာ၂၇
ရခိုင်ပြည်နယ် စစ်တွေမြို့၌ရောက်ရှိနေသည့် ပြည်တွင်းပြည်ပ
သတင်းမီဒီယာအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့နယ်
အင်းဒင်ကျေးရွာသို့ ရောက်ရှိကြပြီး အကြမ်း ဖက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍
မေးမြန်း သတင်းရယူကြသည်။
ထို့နောက် မောင်တောမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူး က ဒေသအတွင်း ပြန်လည် ၀င်ရောက်လာမည့် သူများအား စိစစ်လက်ခံရေး၊ နေရာချ ထားရေး၊ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းများကို အရှိန် အဟုန် မြှင့်တင် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာ အဖွဲ့များ၏ သိရှိ လိုသည်များကို ပြန်လည်ဖြေကြားသည်။
မွန်းလွဲပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်ခြင်းမရှိဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လျက်ရှိသည့် ရွှေဇား ကျေးရွာသားများနှင့် တွေ့ဆုံ၍ လက်ရှိ နေထိုင်စားသောက်မှု၊ NVC ကတ် ရရှိမှု အပါအ၀င် ၎င်းတို့ သိရှိလိုသည် များကို သတင်း ရယူကြသည်။
ညနေပိုင်းတွင် မောင်တောမြို့ မြို့မတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၄ ရက်က တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် အစ္စလာမ်ဘာသာဝင် မိသားစုနှင့်တွေ့ဆုံ၍ သိရှိလိုသည်များကို မေးမြန်း သတင်းရယူကြသည်။
အဆိုပါ သတင်းမီဒီယာအဖွဲ့တွင် Nikkei Shimbun, NHK, Nippon TV, CRI, CNN, The Guardian Newspaper, The Washington Post, CBC, Arte Television MRTV, MITV နှင့် MNA တို့မှ သတင်းသမားများ လိုက်ပါခဲ့ကြသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလ ဖြစ်စဉ်နောက်ပိုင်း ရခိုင်ပြည်နယ်သို့ သတင်းမီဒီယာအဖွဲ့ များ စေလွှတ်မှုမှာ ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ၈ ကြိမ်နှင့် ၂၀၁၈ ခုနှစ်တွင် ၁၇ ကြိမ် စုစုပေါင်း ၂၆ ကြိမ် ရှိခဲ့ပြီ ဖြစ်သည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အစီအစဉ်ဖြင့် တစ်လလျှင် နှစ်ကြိမ် ခရီးစဉ် စေလွှတ်မှုအနေဖြင့် ယခုခရီးစဉ် အပါအ၀င် ၁၁ ကြိမ် ရှိပြီဖြစ်သည်။
သူရဇော်၊ သက်လွင်စိုး(ပြန်ဆက်)

No comments:
Post a Comment