နေပြည်တော် စက်တင်ဘာ ၂၇
(၇၃)ကြိမ်မြောက် ကုလသမဂ္ဂ
အထွေထွေညီလာခံသို့ တက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကိုယ်ခွဲခေါင်းဆောင်
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည်
စက်တင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် နယူးယောက်မြို့ ၊ ကုလသမဂ္ဂဌာနချုပ်၌
ကျင်းပပြုလုပ်သော ၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများ ချုပ်ဆိုပွဲ အခမ်းအနား
(2018 Treaty Event) သို့ တက်ရောက်ခဲ့ပြီး နျူကလီးယားလက်နက် ပိတ်ပင် တားဆီးရေး ဆိုင်ရာ
စာချုပ် (Treaty on the Prohibition of Nuclear Weapons- TPNW) ကို ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် အစိုးရကိုယ်စား လက်မှတ်ရေးထိုးခဲ့သည်။
၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ
စာချုပ်စာတမ်းများ ချုပ်ဆိုပွဲ အခမ်းအနား (2018 Treaty Event) ၌ အထက်ပါ နျူကလီးယားလက်နက်
ပိတ်ပင်တားဆီးရေးဆိုင်ရာ စာချုပ် (Treaty on the Prohibition of Nuclear Weapons
-TPNW) ကို နိုင်ငံသစ်များက လက်မှတ်ရေးထိုးခြင်း၊ လက်မှတ်ရေးထိုးပြီးသည့် နိုင်ငံများက
အတည်ပြုခြင်း (ratification) တို့ ဆောင်ရွက်သည့် အဆင့်မြင့် အခမ်းအနားတစ်ရပ်ကို အပြည်ပြည်ဆိုင်ရာ
နျူကလီးယား လက်နက်များ အလုံးစုံဖျက်သိမ်းရေး နေ့နှင့် တိုက်ဆိုင်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
အထက်ပါ အခမ်းအနားသို့ မြန်မာနိုင်ငံမှ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးကျော်တင်၊
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတို့မှ
အဆင့်မြင့်အရာရှိကြီး များ တက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂဌာနချုပ်မှ အထွေထွေ ညီလာခံသဘာပတိ
H.E. Ms. Maria Fernanda Espinosa Garces ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ
Mr. Peter Maurer၊ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အဆင့်မြင့်ကိုယ်စားလှယ်
Ms. Izumi Nakamitsu ၊ International Campaign to Abolish Nuclear Weapons (ICAN)အဖွဲ့၏
အမှုဆောင်ညွှန်ကြားရေးမှူး Ms. Beatrice Fihn ၊ ဥပဒေရေးရာရုံး၏ လက်ထောက်အတွင်းရေးမှူးချုပ်
Mr. Miguel de Serpas Soares နှင့် အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများ ဌာနခွဲ၏ အကြီးအကဲ
Mr. Santiago Villalpando တို့ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံနှင့်အတူ အန်တီကွာဘာဗူဒါနိုင်ငံ၊
ဘီနင်နိုင်ငံ၊ ဘရူနိုင်းဒါရူဆလမ် နိုင်ငံ၊ ဂီနီယာ ဗစ်ဆာရူနိုင်ငံ၊ ဆေရှဲလ်နိုင်ငံ၊
တီမောလက်စ်တေနိုင်ငံတို့လည်း အထက်ပါစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံသည်
အထက်ပါစာချုပ်အား (၆၁)နိုင်ငံမြောက် လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း နိုင်ငံခြားရေး
ဝန်ကြီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment