Friday, September 28, 2018

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တည်ထောင်ခြင်း နှစ် (၃၀)ပြည့် အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ


 
ရန်ကုန် စက်တင်ဘာ ၂၇

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တည်ထောင်ခြင်း နှစ် (၃၀)ပြည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး (ဗဟိုဌာနချုပ်)၌ ကျင်းပသည်။


အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား အလေး ပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များအား အလေးပြုခြင်း၊ ဒီမိုကရေစီအရေးတော်ပုံ အဆင့်ဆင့်တွင် ကျဆုံးသွားခဲ့ရ သော ရဟန်း ရှင်လူ ၊ ကျောင်းသားပြည်သူတို့အား ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် ရှစ် စက္ကန့်ငြိမ်သက်ခြင်း တို့ကိုပြုလုပ်ကြသည်။

အခမ်းအနား သဘာပတိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်း က အဖွင့်အမှာစကား ပြောကြားရာတွင် ``ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ရဲ့ လက်ရှိအခြေအနေကို တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရ အကဲဖြတ်ဖို့ လိုသလို အခြေခံအပြောင်းအလဲများ၊ အသွင်ကူးပြောင်းမှု များအပေါ် လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းနိုင်ရန် အင်အားနှင့် သတ္တိကို ပြည်သူနဲ့ အတူ စုပေါင်းအင်အားနဲ့ ရှာဖွေကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့မှာ လူ့အဖွဲ့အစည်း ပြန်လည် ဆန်းသစ်မှု ဖြစ်စဉ်ကို ခေါင်းဆောင်နိုင်စွမ်းရှိပြီး ရဲရဲရင်ဆိုင်ဖြတ်သန်းနိုင်မှု အတွေ့အကြုံတွေလည်း ရှိခဲ့ပြီးဖြစ်ပါတယ်။ စိန်ခေါ်မှု အားလုံးဟာ ကြောက်ရွံ့မှု ထက် တာဝန်သိမှုနဲ့ ပတ်သက်ပါတယ်။ ကြီးကျယ်ခမ်းနားခြင်းရဲ့ တန်ဖိုးဟာ တာဝန်သိခြင်း ပါပဲ ´´ ဟု ပြောကြားသည်။

ထို့နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တည်ထောင်ခြင်း နှစ်(၃၀)ပြည့် ကြေညာချက်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသိန်းဦးက ဖတ်ကြားပြီး အခမ်းအနားသို့ ပေးပို့လာသော သ၀ဏ်လွှာများကို မှတ်တမ်းတင်သည်။

အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ သဘာပတိအဖွဲ့ဝင် ဦးအုန်းကြိုင်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ၀ါရင့် နိုင်ငံရေးသမားများ၊ သံတမန်များ၊ နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

ယနေ့ကျင်းပသည့် အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် အချက်ခြောက်ချက်ပါ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

သတင်းနှင့် ဓာတ်ပုံ-ဇော်ကြီး

No comments:

Post a Comment