Thursday, September 27, 2018

ခုံးကောင်များသေဆုံးမှုသည် ရေထုညစ်ညမ်းမှုကြောင့် သေဆုံးခြင်းမဟုတ်ဘဲ မိုးရေများပြီး ရေချိုဝင်ရောက်မှုကြောင့် သေဆုံးခြင်းဖြစ်နိုင်ကြောင်း ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ပြောကြား


ကျောက်ဖြူ စက်တင်ဘာ ၂၆
ကျောက်ဖြူခရိုင် အမ်းမြို့နယ် ကျောက်မြောင်းကျေးရွာအုပ်စု သပြုချိုင်ကျွန်း ပြာပင်လဟာချောင်းနှင့် အနီးအနားဝန်းကျင် ၌ ရေထုညစ်ညမ်းမှုကြောင့် ခုံးကောင်အများအပြား သေဆုံး နေသည်မှာ မဟုတ်မှန်ကြောင်းနှင့် အဆိုပါ ခုံးအမျိုးအစား သည် မိုးရေများပြီး ရေချိုဝင်ရောက်မှုကြောင့် သေဆုံးနိုင်သလိုသူ၏ သက်တမ်းကုန်ဆုံးမှု၊ ရာသီဥတု ပူပြင်းမှုကြောင့် လည်း သေဆုံးနိုင်ကြောင်း ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဦးထွန်းသိန်း၏ ပြောပြချက်အရ သိရသည်။

''ခုံးတွေသေတယ်ဆိုပြီး လူမှုကွန်ရက်မှာ စက်တင်ဘာ ၂၂ ရက်က တင်တဲ့ဟာကို ပြည်သူတွေက စိုးရိမ်စိတ်လွန်ပြီး ဝိုင်းမျှဝေကြတာ တွေ့ရပါတယ်။ ဒါနဲ့ ကျွန်တော်တို့ ခရိုင်အဆင့် ဌာနဆိုင်ရာအဖွဲ့တွေ သပြုချိုင်ကျွန်းကို စက်တင်ဘာ ၂၄ ရက် က သွားရောက်စစ်ဆေးတဲ့အခါ လူမှုကွန်ရက်မှာတင်တဲ့ ပုံတွေက ဒီမှာသေနေတဲ့ ခုံးပုံတွေနဲ့ မတူတာတွေ့ရတယ်။ ဒီမှာသေနေတဲ့ ခုံးအမျိုးအစားတွေက တစ်ကောင်ကို ၁ စင်တီ မီတာနဲ့ ၂ စင်တီမီတာ အကြားမှာသာ ကြီးထွားတဲ့ ခုံးမျိုးတွေ ဖြစ်တယ်။ နောက်တစ်ချက်က ပြည်သူတွေစိုးရိမ်သလို ရေထု ညစ်ညမ်းမှုဖြစ်တာလည်း လုံးဝမဟုတ်ပါဘူး။ ဒီခုံးအမျိုးအစားက ရေငန်မှာနေတဲ့ သဘာဝဆိုတော့ မိုးများပြီး ရေချိုထိုးမှု (ဝင်ရောက်မှု)ဖြစ်တဲ့အခါ သေနိုင်တယ်။ သူ့ရဲ့ သက်တမ်းကုန်ဆုံးရင်လည်း သေနိုင်တယ်။ ရာသီဥတုပူပြင်းတယ်ဆိုရင်လည်း သေနိုင်တယ်။ တကယ်လို့ ရေထု ညစ်ညမ်းမှုဖြစ်မယ်ဆိုရင် အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့ ခုံးအကြီးတွေ၊ ခရုတွေ၊ ငါးတွေလည်း သေမှာပါ။ ဒါပေမယ့် ခုံးအကြီးတွေ၊ ခရုတွေ၊ ငါးတွေက ပုံမှန် အသက်ရှင်နေတာကို တွေ့ရတယ်။ ရေလုပ်ငန်းလုပ်ကိုင်တဲ့ ပြည်သူတွေလည်း အနီးဝန်းကျင်မှာ ပုံမှန်ငါးဖမ်းနေကြတာပါ။
ဒီလိုခုံးအသေးလေးတွေသေတာဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပါ။ ဒါကိုလူမှုကွန်ရက်မှာ တင်လိုက်တော့ ပြည်သူတွေစိုးရိမ် လာကြတယ်။ ထင်ယောင်ထင်မှား ဖြစ်လာတာပါ။ အဲဒီအတွက် စိုးရိမ်စရာမရှိပါဘူး''ဟု ဦးဦးထွန်းသိန်းက ပြောသည်။
အဆိုပါ ခုံးကောင်များသေဆုံးမှုသည် ဒေသခံတစ်ဦးမှ ၎င်းနေရာသို့ ရောက်ရှိသွားပြီး ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက် စာမျက်နှာပေါ်သို့ တင်ခဲ့ခြင်းကြောင့် လူအများအပြား သိရှိလာကာ စိုးရိမ်မှုအနည်းငယ်ရှိခဲ့သော်လည်း အဆိုပါ ဖြစ်စဉ် ဖြစ်ပွားသည့် အနီးအနားပတ်ဝန်းကျင်တွင် လူနေထိုင်မှုမရှိခြင်းနှင့် လူသူအရောက်ပေါက်နည်းခြင်း၊ ရေလုပ်သားများသာ ခုံးကောင်၊ ကဏန်း၊ ပုစွန်နှင့် ငါးများဖမ်းတတ်ကြပြီး ရေအကျဆုံးအချိန်တွင် ခုံးအကောင်လေးများကို သောင်ပြင်ပေါ်၌ တွေ့ရတတ်ကြောင်း၊ သောင်ပြင်သည် ပေ ၁၅ဝ ပတ်လည်ခန့်ရှိကာ သောင်ပြင်ပေါ်ရှိ ရွှံ့နွံများတွင်ကပ်၍ ခုံးကောင်များ သေဆုံး နေသည်ကို တွေ့ရကြောင်း၊ အဆိုပါခုံးများသည် လူအများ စားသောက်သည့် ခုံးကောင်များမဟုတ်ဘဲ ကြက်အစာအဖြစ် အသုံးပြုသော ခုံးကောင်များဖြစ်ကြောင်းနှင့် သဘာဝအရသာ ဖြစ်ပေါ်ခြင်းဖြစ်ပြီး ပယောဂတစ်ခုခု ကြောင့် ဖြစ်ပွားခြင်းမဟုတ် ကြောင်း ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက ရှင်းပြသည်။
''ဒီခုံးတွေက ကျွန်တော်တို့ သတင်းရတဲ့အချိန်မှာ သေဆုံးနေတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ တစ်လလောက်က မိုးအလွန်များ ခဲ့တယ်။ ဒီနေရာတွေက ရေချို၊ ရေငန်စပ်နေရာ ဖြစ်တဲ့အခါကျတော့ ရေချိုဝင်ရောက်မှုများသွားပြီ ဒီပတ်ဝန်း ကျင်မှာရှိတဲ့ ရေချိုဒဏ်မခံနိုင်တဲ့ ခုံးတွေက အဲဒီအချိန် ကတည်းက သေဆုံးနေတာလည်း ဖြစ်နိုင်တယ်လို့ ငါးလုပ်ငန်း ဦးစီးဌာနက သုံးသပ်တယ်။ အဓိကကတော့ ရေချိုကြောင့်လို့ သုံးသပ်တယ်။ နောက်တစ်ခုက ဘဝစက်ဝိုင်း ကုန်တယ် လို့လည်း သုံးသပ်တယ်။ ကျန်တဲ့ ပယောဂတစ်ခုခုကြောင့် သေဆုံးတာတော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တခြားခုံး အမျိုးအစားတွေလည်း ရှိနေသလို တခြားရေနေ သတ္တဝါတွေလည်း အသက်ရှင်လျက်ရှိနေတယ်။ ဒေသခံတွေ ကလည်း ထူးခြားဖြစ်စဉ်မရှိပါဘူးလို့ ပြောတယ်။ ခုံးကောက် တဲ့သူတွေကလည်း သူတို့ကောက်တဲ့အခါမှာ အသေလည်း တွေ့တယ်။ အရှင်လည်းတွေ့တယ်။ သူတို့အနေနဲ့ အစုလိုက် အပြုံလိုက် သေတာမျိုးတော့ မတွေ့ဘူးတဲ့။ အဲဒီနေရာကို ရွာသားတိုင်းက မရောက်ဘူးဗျ။ ရွာကနေ တစ်နာရီခွဲလောက် စက်လှေစီးရတယ်။ အဲဒီနေရာကို ကျွမ်းကျင်တဲ့ ရေလုပ်သား လောက်ပဲ လာရောက်ကြတာရှိပါတယ်''ဟု ၎င်းက ဆက်လက် ပြောသည်။
ယင်းဖြစ်စဉ်သည် အထင်နှင့်သာပြောဆို၍ မရကြောင်း၊ ယခင်ကတည်းက အလားတူဖြစ်ရိုးဖြစ်စဉ်ရှိနိုင်ကြောင်း၊ လူသူ အရောက်အပေါက်နည်းသည့်အတွက် သတိမထားမိတာမျိုး ဖြစ်နိုင်ကြောင်း၊ အသေးစိတ်အတိအကျကို ကျွမ်းကျင် ပညာရှင်များက အချိန်ယူလေ့လာဆန်းစစ်ပြီး အဖြေထုတ်မှသာ သိရှိနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောက်ဖြူဒေသတွင် ထူးထူးခြားခြားဖြစ်ရပ်မရှိကြောင်း၊ သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာ ပျက်စီးမှု၊ လူအများအပြား စိုးရိမ်လွန်မှုမရှိကြောင်းနှင့် ပုံမှန်အတိုင်း လုပ်ကိုင်စားသောက်နေကြကြောင်း ဦးရဲမြတ်သိန်း၏ ပြောပြချက် အရ သိရသည်။
သတင်း-မင်းဟိန်း
ဓာတ်ပုံ-ခရိုင်ငါးလုပ်ငန်းဦးစီးဌာန

No comments:

Post a Comment