ရန်ကုန် စက်တင်ဘာ ၂၆
ရန်ကုန်မြို့ စဥ့်အိုးတန်းဆိပ်ကမ်းနှင့်
ဒလဘက်ကမ်းရှိ ကမာကဆစ်ဆိပ်သို့ ပြေးဆွဲနေသော စက်လှေတစ်စင်းမှာ စက်တင်ဘာ ၂၆ ရက် ညနေ ၅
နာရီက ခရီးသည် ၁၂ ဦးနှင့် ကလေးသုံးဦးကို တင်ဆောင်၍ ဆိပ်ကမ်းမှ ထွက်ခွာစဉ် အနီးရှိ
စဥ့်အိုးတန်း အမှတ်(၁)ဗောတံတားမှ ကုန်တင်ရေယာဉ် ဦးပိုင်းနှင့်တိုက်မိရာ ခရီးသည်အချို့
ရေထဲသို့ ခုန်ချ ထွက်ပြေးခဲ့ပြီး အမျိုးသမီးနှင့် ကလေးများကို အချိန်မီကယ်ဆယ်နိုင်ခဲ့ကာ
စက်သမ္ဗန်မောင်းသူမှာ ဦးစွာခုန်ချသွား ခဲ့ကြောင်း သိရသည်။
''ဒဏ်ရာက လက်ကောက်ဝတ်နည်းနည်းပဲ
ထိသွားတယ်။ သင်္ဘောသုံးစင်းမှာ နောက်ဆုံး ကုန်သင်္ဘောကို စက်သမ္ဗန် သမားက မမြင်ဘူး။ စက်သမ္ဗန်သမားက
လွတ်မယ်ဆိုပြီး အတင်း မောင်းတော့ ကုန်သင်္ဘောဦးပိုင်းနဲ့ ငြိပြီး ကန့်လန့် ဖြစ်သွားတယ်။
ကုန်သင်္ဘောက ဖြည်းဖြည်းနဲ့ ဆိပ်ခံဗောကို ကပ်ချိန်မို့လို့ တော် သေးတယ်။ စက်သမ္ဗန်ရေဝင်ပြီး
ပေါ်နေတဲ့ ဦးပိုင်းမှာ အားလုံးစုပြီး ကယ်ကြပါဦးလို့ ဝိုင်းအော်ရတော့တာပေါ့။ ကလေးတွေကို
အဲ့ဒီကုန်သင်္ဘောက သင်္ဘောသားတွေ က ဦးပိုင်းကနေ ဆွဲယူကြတယ်။ စက်လှေတွေလည်း ရောက်လာကြတယ်။
အားလုံးအသက်ရှင်တယ်။ ကျွန်မသမီးလေး လည်း ဘာမှမဖြစ်ခဲ့ဘူး။ ရေလယ်မှာဆိုရင်တော့ မတွေးရဲစရာပဲ။
စက်သမ္ဗန်သမားက ဖြစ်ဖြစ်ချင်း ရေထဲကိုခုန်ချသွားတာ'' ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သော ဒလမြို့နယ်
ကမာကဆစ်ဆိပ်ကမ်းအနီးတွင် နေထိုင်သည့် မမိုးမိုးအေးက ပြောသည်။
စဥ့်အိုးတန်း အမှတ်(၁)
ဗောတံတားနှင့် အမှတ်(၂) ဗောတံတားကြားတွင် ဒလဘက် ကမ်းရှိ ကမာကသွယ်၊ စက်မြေနှင့် ကမာကဆစ်သို့
ပြေးဆွဲနေသော စက်လှေဂိတ် သုံးခုရှိပြီး ရန်ကုန်ဘက်ကမ်းသို့ သွားလာကြသည့် ခရီးသည်အများဆုံး
စီးနင်းသော စက်လှေဂိတ်များလည်းဖြစ်ကာ နှစ်ဆန်းပိုင်းတွင်လည်း စက်လှေစက်ရပ်၍ မျောပါစဉ်
ဆိပ်ခံတစ်ခုနှင့် တိုက်မိကာ ခရီးသည်အချို့ သေဆုံးမှုဖြစ်ပွားခဲ့ပြီး ယခုအကြိမ်တွင် ဆိပ်ကမ်းနှင့်ကပ်လျက်
ဆိပ်ခံဗောတွင် ဖြစ်ပွားခဲ့၍ ခရီးသည်များကို အချိန်မီကယ်ဆယ် နိုင်ခဲ့ကြောင်းနှင့် လေးနှစ်အရွယ်
ယောက်ျားလေး နှစ်ဦးနှင့် သုံးနှစ်အရွယ် မိန်းကလေးတစ်ဦးတို့ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်
ပတ်သက်၍ ရန်ကုန်မှ ဝါးခယ်မသို့ ကုန်ပစ္စည်းများ ပို့ဆောင်သော ကုန်သင်္ဘောပိုင်ရှင်၊ ရတနာ
သိင်္ယရေယာဉ်အုပ်နှင့် စက်သမ္ဗန်မောင်းနှင်သူတို့ကို ဆိပ်ကမ်းမြို့ နယ်ရဲစခန်းမှ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း
သိရသည်။
ဓာတ်ပုံ - သစ္စာ

No comments:
Post a Comment