Friday, September 28, 2018

တီဘီရောဂါတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက် မိန့်ခွန်းပြောကြား



နေပြည်တော် စက်တင်ဘာ ၂၇

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် (၇၃)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်နေစဉ်အတွင်း စက်တင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအထိ ကုလသမဂ္ဂ ဌာနချုပ်၌ “United to End Tuberculosis: An Urgent Global Response to a Global Epidemic” ခေါင်းစဉ်ဖြင့် ကျင်းပသည့် တီဘီရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေး (High-level Meeting) သို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။


ယင်းသို့ မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာတစ်ဝန်း တီဘီ ရောဂါဖြင့် သေဆုံးမှုများ၊ ရောဂါထပ်မံဖြစ်ပွားမှုများ ကျဆင်း လာသည့်အတွက် အားတက်မိသော်လည်း ကာကွယ်၊ ကုသနိုင်သော တီဘီရောဂါကို ပြည်သူသန်းနှင့်ချီ၍ ခံစားနေကြရပြီး သေဆုံးနေကြရသည်ကို မြင်တွေ့ရသည်မှာ အလွန်စိတ်မချမ်း မြေ့ဖွယ်ဖြစ်ကြောင်း၊ တီဘီရောဂါဖြစ်ပွားမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် အများဆုံးဖြစ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရရှိရေး အတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း၊ တီဘီရောဂါ ပပျောက်ရေး ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ချိန်ညှိ၍ အလေးထား ဆောင်ရွက်သွားရန်လိုပြီ ဖြစ်ကြောင်း၊ တီထွင်ဆန်းသစ်သော၊ ပိုမိုထိရောက်သော၊ လူတိုင်းလက်လှမ်းမီသော ရောဂါရှာဖွေစစ်ဆေးမှု၊ ကုသမှု နည်းလမ်းများ ရရှိစေရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးမှုတို့ကို မြှင့်တင်ကြရန်နှင့် ဘဏ္ဍာငွေ လိုအပ်ချက်များကို ဖြည့်ဆည်းပေး ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် တီဘီရောဂါ ပပျောက်ကင်းစင်ရေးအတွက် မြန်မာနိုင်ငံ တီဘီ ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားမဟာဗျူဟာအစီအစဉ် (၂ဝ၁၆-၂ဝ၂ဝ) ကို ချမှတ် ဆောင်ရွက်လျက် ရှိကြောင်း၊ တီဘီနှင့် ဆီးချိုရောဂါ သံသယလူနာများကို အပြန်အလှန် လွှဲပြောင်းညွှန်း ပို့၍ ရောဂါ ရှာဖွေဖော်ထုတ်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ဆေးယဉ်ပါးတီဘီ၊ ပြင်းထန်ဆေး ယဉ်ပါးတီဘီတို့ကို နည်းပညာ သစ်များအသုံးပြု၍ စစ်ဆေးပေးနိုင်ပြီဖြစ်သဖြင့် ကုသရန် ကျန်ရှိသည့် လူနာများ လျော့နည်း သွားနိုင်တော့မည်ဖြစ် ကြောင်း၊ ယင်းရောဂါ ထိန်းချုပ်ကုသမှုများကို အထောက်အကူ ပြုနိုင်ရန် အာဆီယံ ဒေသတွင်း၊ ဒေသအဆင့်နှင့် ကမ္ဘာ့အဆင့် နည်းလမ်းများ ဖော်ဆောင်သွားကြရန် လိုအပ်ကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရန်နှင့် တီဘီရောဂါဆိုင်ရာ multi-sectoral accountability framework (MAF) တည်ထောင်နိုင်ရန် နည်းလမ်းများ ရှာဖွေလျက်ရှိကြောင်း၊ တီဘီရောဂါတိုက်ဖျက် ရေးအတွက် ကမ္ဘာ့အဆင့်ချမှတ်ထားသည့် ရည်မှန်းချက်များ အောင်မြင်ရန် အလှမ်းဝေးနေဆဲ ဖြစ်သော်လည်း မိမိတို့ အနေဖြင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားရန် သန္နိဋ္ဌာန် ချမှတ် ထားပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment