Friday, September 28, 2018

သဘာဝမကျတဲ့ ဈေးတက်မှုကိုတော့ ခေါ်ယူဆွေးနွေးပြီး ထိန်းသိမ်းသင့်တဲ့အပိုင်းတွေကို လိုအပ်ရင် နိုင်ငံတော်အပိုင်းက လုပ်စေချင်တယ်




ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်နိုင်ငံ ဖြစ်သည့် အမေရိကန်နှင့် တရုတ်တို့၏ ကုန်သွယ်ရေး ယှဉ်ပြိုင်မှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ငွေကြေးမတည် ငြိမ်မှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ဂယက်ကြောင့် မြန်မာနိုင်ငံတွင်လည်း ဒေါ်လာဈေး မြင့်တက်လာခြင်းနှင့် အတူ ရွှေဈေး၊ ပြည်တွင်းရှိ စက်သုံးဆီ ဈေး၊ အခြေခံ စားသောက်ကုန်ဈေးနှုန်း များနှင့် ဆေးဝါးများပါလိုက်ပါ မြင့်တက်လာခဲ့သည့်အပြင် ဒေါ်လာဈေး ကစားသူများကြောင့် ငွေကြေး မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။


အဆိုပါ ဒေါ်လာဈေးကစားသူ များအား စုံစမ်းလျက်ရှိပြီး အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက်က နိုင်ငံတော် သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေး ပြောကြားခဲ့ပြီး နောက် လောင်းကစားဆန်ဆန် ဒေါ်လာဈေးကစားနေမှုများ ရပ်တန့် သွားပြီး ဒေါ်လာငွေဈေးနှင့်အတူ ရွှေဈေးမှာလည်း ကျဆင်းလာနေသည်။

လက်ရှိအချိန်တွင် ဒေါ်လာငွေဈေး နှင့် ရွှေဈေး ကျဆင်းသွားသည့်အပေါ် နယ်ပယ်အသီးသီးရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်း ထားသည်များကို တင်ပြလိုက်ပါသည်။


ဦးကျော်ဝင်း (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်အသင်း)
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

နိုင်ငံတိုင်းမှာ ရွှေရယ်၊ ဒေါ်လာ ရယ်လို့တော့မဟုတ်ပါဘူး။ တခြား ပစ္စည်းတွေလည်း အများကြီးရှိပါ တယ်။ တချို့အပိုင်းက ဈေးတက် တာသည် သဘာဝကျကျ တက်တာရှိ သလို သဘာဝမကျတဲ့ ဈေးတက်တာ တွေလည်းရှိတယ်။ သဘာဝကျတဲ့ ဈေးတက်မှုကို အားလုံးကလက်ခံ တယ်။ သဘာဝမကျတဲ့ ဈေးတက်မှုကို တော့ ခေါ်ယူဆွေးနွေးပြီး ထိန်းသိမ်း သင့်တဲ့အပိုင်းတွေကို လိုအပ်ရင် နိုင်ငံတော်အပိုင်းက လုပ်စေချင် တယ်။ တချို့အပိုင်းတွေမှာ ကောလာ ဟလ လွှင့်ပြီးတော့ ဈေးတက်အောင် လုပ်တာရှိတယ်။ ဈေးကစားတာရှိ တယ်။ ရွှေတစ်ခုတည်းမဟုတ်ဘူး အားလုံးပါတယ်။ ကုန်သွယ်ရေး စစ်ပွဲကြောင့် နိုင်ငံတကာမှာ ဒေါ်လာဈေး အားကောင်းနေတာဖြစ် တယ်။ သူများနိုင်ငံက ငွေတန်ဖိုး သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းကျရင် မြန်မာနိုင်ငံမှာလည်း ငွေတန်ဖိုး ငါးရာခိုင်နှုန်း၊ ခုနစ်ရာခိုင်နှုန်း ကျတာ သဘာဝကျတယ်။ သူများနိုင်ငံတွေက တစ်ရာခိုင်နှုန်း ငွေဈေးကျပြီး ကိုယ့် နိုင်ငံက ငွေဈေးက ၂၀ ရာခိုင်နှုန်း ဖြစ်သွားတယ်ဆိုရင် သဘာဝမကျဘူး။ သဘာဝမကျတဲ့ အကြောင်းကို ရှာပြီး ရှင်းမယ်ဆိုရင်တော့ ပြဿနာ ပြေလည်သွားမှာပါ။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင် အသင်းမှာလည်း အစည်းအဝေးလုပ် ပြီး သဘာဝမကျတဲ့ အပိုင်းတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ မေတ္တာ ရပ်ခံခဲ့ပါတယ်။ အသင်းက အာဏာပိုင်အဖွဲ့အစည်း မဟုတ်တော့ အသင်းသားတွေ မလုပ်ဘူးဆိုရင် ကျွန်တော်တို့ကလည်း ဘာမှလုပ်လို့ မရပါဘူး။ အဓိက နိုင်ငံတော်အာဏာ ပိုင် အဖွဲ့အစည်းကလည်း လိုအပ် တဲ့ကိုင်တွယ်မှုလုပ်ဖို့လိုပါတယ်။

လက်ရှိရွှေဈေးကွက်မှာ ပုံမှန် ရောင်း ပုံမှန်ဝယ်တော့ လုပ်နေပါ တယ်။ သို့သော်လည်း အရောင်းအဝယ် လုပ်တဲ့အခါမှာ တချို့ကုန်သည် တွေက ရွှေကိုကြိုရောင်းမယ်၊ ကြိုဝယ်မယ်စသဖြင့် အဲဒီလိုအပိုင်း လေးတွေရှိတော့ အဲဒီစနစ်ကလည်း ရွှေဈေးကို တက်စေတာပေါ့။ ကြို ရောင်း ကြိုဝယ်လုပ်တဲ့အပိုင်းကလည်း အတက်အကျ ဖြစ်စေတယ်။ ဒုတိယ တစ်ချက်က မီတာတိုးပြီး ဝယ်တာရှိ ပါတယ်။ ဒါကလည်းရွှေဈေးကို အတက်အကျ ဖြစ်စေတယ်။ နောက် တစ်ချက်က ရက်ရွှေ့ပြီးရောင်းတာ၊ လေနဲ့ အရောင်းအဝယ်လုပ်တာ ဒါတွေကလည်း အတက်အကျဖြစ်စေ တာပေါ့။ နိုင်ငံမှာဖြစ်နေတဲ့ ရွှေဈေးအတက် အကျကြမ်းတဲ့ အနေအထားရယ်၊ ဒေါ်လာဈေး အတက်အကျကြမ်းတဲ့ အနေအထား ရယ် ဒါကိုမထိန်းနိုင်ရင် ဒီထက်ပိုဆိုး သွားမယ်။ ဖြေရှင်းနိုင်တဲ့ နည်းနဲ့ ဖြေရှင်းရတာပေါ့။ အသင်း အနေနဲ့လည်း ရွှေလုပ်ငန်းရှင်တွေကို ခေါ်ပြီး ဈေးတည်ငြိမ်ပြီး ကျသွား အောင် ရွှေတွေအရောင်းအဝယ်လုပ် မယ်ဆိုရင် လက်ငင်းပဲ အရောင်း အဝယ်လုပ်ပါ။ ကြိုရောင်း ကြိုဝယ် စနစ်မလုပ်ပါနဲ့၊ တစ်ပိုင်တစ်နိုင်ပဲ လုပ်ပါ။ မီတာယူပြီးဝယ်တာ မလုပ်ပါ နဲ့လို့ မေတ္တာရပ်ခံ ထားတယ်။ နိုင်ငံတော် ဘက်ကလည်း ဒေါ်လာငွေ ဈေးနှုန်း ထိန်းပေးမယ်ဆိုရင် နှစ်ဖက် စလုံး တစ်ပြိုင်နက်တည်း လုပ်သွားနိုင် မယ်ဆိုရင် ပြေလည်သွားမှာပါ။

လောလောလတ်လတ်မှာ ဒေါ်လာ ဈေးက အတတ်အကျ ကြမ်းနေတဲ့ အတွက် ရွှေဈေးကပါ အတက်ကြမ်း နေတာ၊ ဒါကို မထိန်းရင် ဒီထက် ပိုဆိုးသွားမယ့် အခြေအနေရှိတယ်။ရွှေဈေးတက်တာ သာမန်ပြည်သူတွေ ကို သိပ်မထိခိုက်ပေမယ့် ဒေါ်လာ ဈေးကတော့ အခြေခံကုန်ဈေးနှုန်းကို ထိခိုက်နိုင်တဲ့အတွက် ပြည်သူတွေကို ထိခိုက်နိုင်တယ်။

OSSC ရုံးဖွင့်တော့ ရွှေတွေ ပြည်ပပို့မှာမို့ ပြည်တွင်းမှာ ရွှေတွေ ရှားသွားပြီး ရွှေဈေးတက်မယ် စသဖြင့် ပြောနေတာတွေ ရှိတယ်၊ တကယ်တော့ မဟုတ်ပါဘူး။ အတိုင်းအတာ သတ်မှတ်ချက်နဲ့ မူဝါဒချမှတ်ပြီး ပို့မှာဖြစ်တဲ့ အတွက် အထိန်းအကွပ်မဲ့ လုပ်ချင် သလို လုပ်လို့မရပါဘူး။ သတင်းစာ၊ မီဒီယာတွေမှာ ကန့်ကွက်တယ်လို့ ကြားတယ်။ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ခဲ့တာပါ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောသလိုပါပဲ၊ ကြိုးနီ စနစ်နဲ့ လုပ်ဖို့မဟုတ်သလို ဘယ်သူမှ လက်ဝါးကြီးအုပ်ထားတာ မရှိပါဘူး။


ဒေါက်တာစိုးထွန်း (ဥက္ကဋ္ဌ၊မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်းထုတ်လုပ် ဖြန့်ချိရောင်းချသူများအသင်း)
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ဒေါ်လာဈေးက လက်ရှိမှာ ကျတာ တော့မဟုတ်ဘူး၊ ဈေးကွက်ရပ်နေ တာ။ အရောင်းအဝယ်ဈေးကွက်မှာ လက်လီနဲ့လက်ကား ဈေးကွက်နှစ်ခုရှိ တယ်။ Money Changer နဲ့ ဘဏ် တွေမှာတော့ ဝယ်ဈေးနဲ့ ရောင်းဈေး ကွာထားတယ်။ ဝယ်ဈေး ရောင်းဈေး က အရင်တုန်းက နှစ်ကျပ် လောက်ပဲ ကွာတယ်။ အခုဝယ်ဈေး ရောင်းဈေး က ၅၀ ကျပ်လောက် ကွာတယ်။ အဲဒီပုံစံဖြစ်နေတယ်။ ဒေါ်လာက ဝယ်ချင်တိုင်းဝယ်မရတော့ အရောင်း အဝယ်က တန့်နေတယ်။ စစ်ဆေးမှု တွေလုပ်နေတော့ အလုပ်မလုပ်ကြ ဘူး။ တရားဝင်ဈေးကွက် ရပ်တည်နိုင် ရင် ကောင်းတာပေါ့။ အခုက တရားဝင်ဈေးကွက် တစ်ခုတည်းမှာ မရပ်တည်နိုင်ဘူး။ ငွေက သွင်းကုန်နဲ့ ပို့ကုန်မှာ သွင်းကုန်ကများပြီး ပို့ကုန် က နည်းတယ်။ ဘဏ်တွေမှာလည်း ဒေါ်လာလိုသလောက် မရောင်းနိုင် ဘူး။ ပို့ကုန်လုပ်တဲ့ ကုမ္ပဏီတွေ ကလည်း အဲဒီလောက် အများကြီး မရှိတဲ့ အခါကျတော့ တရားမဝင် ဈေးကွက်ရပ်သွားရင် ဒေါ်လာရှား ပြီး ပြန်တောင်ဈေးတက်သွားနိုင်တဲ့ အနေအထားရှိတယ်။ လက်ရှိမဖြစ် မနေဝယ်မယ် ဆိုရင်တောင် ၁၆၀၀နဲ့ ဝယ်လို့မရဘူး ဖြစ်နေတယ်။

ကုန်သည်/ စက်မှုအသင်းချုပ်ဘက် ကရော ကျွန်တော်တို့ အသင်းဘက် ကရော အကြံပြုထားတာရှိတယ်။ တရားမဝင် ဈေးကွက်ကို အခုလိုမျိုး လုပ်တာမျိုးနဲ့ လုံလောက်တာမဟုတ် ဘူး။ တရားဝင်ဖြစ်လာအောင် ဆောင်ရွက်ဖို့ ငွေလွှဲတဲ့လုပ်ငန်းတွေ တရားဝင်ဖြစ်အောင် လုပ်ငန်းလိုင်စင် တွေ ထုတ်ပေးဖို့လိုပါတယ်။ မူဆယ် ဘက်မှာလည်း နိုင်ငံခြားဘဏ်တွေကို လုပ်ပိုင်ခွင့်ပေးဖို့ ယွမ်ငွေနဲ့တရားဝင် ပေးချေခွင့်ပြုဖို့ တင်ပြထားတယ်။ ဒါမှ ငွေကြေးစီးဆင်းမှု မြန်ဆန်လာမယ်။ ပို့ကုန်ကိုလည်း အားပေးဖို့လိုမယ်။

ရွှေဆိုရင်လည်း အရင်တုန်းက တရားမဝင် ခိုးသွားကြတယ်။ အခု တရားဝင် ဖြစ်လာတဲ့အတွက် ကောင်း တယ်။ တရားဝင် လမ်းကြောင်းကသွား တော့ အစိုးရလည်း အခွန်အခရမယ်။ တစ်ဖက်မှာလည်း အဝင်အထွက်ကို သေချာသိနိုင်တယ်။ တရားဝင် လုပ်ငန်းမှန်သမျှကို ကြိုဆိုပါတယ်။


ဒေါက်တာမောင်အောင် (စီးပွားရေးပညာရှင်)
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

လက်ရှိကတော့ ဒေါ်လာဈေး တက်တာကတော့ ကုန်သွယ်ရေးစစ် ပွဲကြောင့် ဖြစ်တာပါ။ ကျွန်တော်တို့ နိုင်ငံနဲ့တော့ အများကြီးမဆိုင်ပါဘူး။ ဒါပေမယ့်လည်း အမေရိကန် ဒေါ်လာက ကမ္ဘာသုံးငွေကြေးဆို တော့ တစ်ကမ္ဘာလုံးကို ထိခိုက်တာ ပါ။ ထိခိုက်သော်လည်း နိုင်ငံတိုင်း လိုလိုက ဒေါ်လာဈေးတက်တယ်။ ကျွန်တော်တို့ နိုင်ငံကတော့ သူများ တက် ပိုတက်တယ် ဆိုတာကတော့ တချို့ကဈေးကစားတာပါ။ အစိုးရ ဘက်ကလည်း တော်တော်လေးကြပ် မတ်တဲ့ သဘောရှိလာတဲ့အခါကျတော့ နည်းနည်းတော့ ပြန်ကျသွားတယ်။အခု လောလောဆယ်ကတော့ ကုန်သွယ်ရေး စစ်ပွဲကလည်း ပြီးဦးမှာ မဟုတ်သေးဘူး။ မပြီးတဲ့ အခါကျ တော့ ကျတယ်ဆိုပေမယ့် သိပ်တော့ ကျသွားမှာမဟုတ်ဘူး။ အတက်ဘက် မှာပဲရှိဦးမှာ။ တက်ဈေးရှိတယ်ဆို တော့ ဒီအခြေအနေမှာ ကိုယ့်နိုင်ငံရဲ့ စီးပွားရေး ဘယ်လိုဆက်ပြီး ထိန်း မလဲပေါ့။ ဒီအချိန်မှာ အကောင်းဆုံး ကတော့ ပို့ကုန်ဖွံ့ဖြိုးမှုကို အကောင်း ဆုံးလုပ်ရမယ်။ ပို့ကုန်ဖွံ့ဖြိုးမှုဆိုတာ အရေအတွက် တိုးရုံတင်မဟုတ်ဘူး။ အရည်အသွေးပါ တိုးတက်ဖို့လိုတယ်။ အဲဒီမှာ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်ပြီးပို့နိုင်အောင် လုပ်ဖို့လည်း လို့တယ်။ လောလောဆယ် ဒေါ်လာ ဈေးတက်တဲ့ဟာ မြန်မာငွေပျော့တာ မကောင်းဘူး။ ပို့ကုန်ဖွံ့ဖြိုးအောင် ပီပီပြင်ပြင် တွန်းတွန်းတိုက်တိုက် လုပ်ဖို့လိုတယ်။ ပြောချင်တာကတော့ ဒီအချိန်မှာ ပို့ကုန်နဲ့ဆက်စပ်နေတဲ့ စက်မှုလုပ်ငန်းတွေ၊ တန်ဖိုးမြှင့် ထုတ် ကုန်ထုတ်တဲ့ လုပ်ငန်းတွေ လုပ်ချင်အောင် ဥပဒေကြောင်းအရ ပံ့ပိုးပေးရမယ်။ တခြား ပံ့ပိုးမှုတွေ လုပ်ပေးရမယ်။ အဲဒီလိုလုပ်လိုက်မယ် ဆိုရင် အခုဖြစ်နေတဲ့ ဒေါ်လာဈေး တကယ်သာလုပ်တတ် ကိုင်တတ်မယ် ဆိုရင် အခက်အခဲတွေကို ကျော်လွှား နိုင်မှာပါ။

အခု ဘဏ်တွေမှာ ဒေါ်လာ ရောင်းဈေး ဝယ်ဈေး ကွာဟမှုကလည်း မဖြစ်သင့်ဘူး။ အဲဒါကလည်း ဗဟိုဘဏ်နဲ့ ဆိုင်တယ်။ အခုဘဏ် တော်တော်များများက ဒေါ်လာ ရောင်းချင်ရင် ရောင်းလို့ရတယ်။ ဝယ်မယ်ဆို မရောင်းတော့ဘူး။ဘဏ်တွေအနေနဲ့ အဲဒါမဖြစ်သင့်ဘူး။ အဝင်အထွက်ဆိုတာ ဝင်တာရှိရင် ထွက်တာလဲ ရှိရမယ်။ ဗဟိုဘဏ်က ကြီးကြပ်ရမယ်လို့မြင်တယ်။


ဒေါက်တာဇေယျာညွန့် (အမှုဆောင် အရာရှိချုပ်၊ အသေးစားနှင့်အလတ်သးစား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်)
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

လက်ရှိကတော့ ဒေါ်လာဈေးက တက်နေတယ်။ ပုံမှန်ထက် ဝယ်အားမရှိဘဲနဲ့ တက်နေတာပါ။ ပုံမှန်ဝယ်အားမရှိဘဲ တက်နေတာ ဆိုတော့ အပြင်မှာတကယ်တမ်း ပို့ကုန်သွင်းကုန်လုပ်တဲ့ ငွေမတက်ဘဲနဲ့ ဒေါ်လာဈေးက တက်နေတယ်။

ဒေါ်လာဈေး တက်နေတဲ့အတွက် ကြောင့် လေပတ်ကားတွေကြောင့် အချိန်နဲ့တစ်ပြေးညီ ဈေးကခုန်နေ တယ်။ နိုင်ငံတကာမှာတော့ ဒီလို မတက်ဘူး။ အိမ်နီးချင်းနိုင်ငံတွေမှာ လည်း ဒီလိုတက်တာ ထုံးစံမရှိဘူး။ ကွာဟနှုန်းကလည်း ကျွန်တော်တို့ တစ်နိုင်ငံတည်း ဟနေတယ်။ အဲဒါ တွေကလည်း အရေးယူသင့်တယ်။ တကယ်တမ်း နယ်စပ်တွေမှာ သွားနေတဲ့ ဒေါ်လာကိုင်သုံးနေတဲ့သူတွေကို လည်းအရေးယူသင့်တယ်။ အဲဒါမှသာ ဒေါ်လာဈေး ပြန်ကျသွားနိုင်တယ်။

လက်ရှိ အရေးယူတယ်ဆိုတာ ကလည်း ဆေးမြီးတိုနဲ့ကုတာပေါ့။ တကယ်တမ်း စီးပွားရေးအရရိုက် ခတ်နေတဲ့ အထူးသဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံပါ။ တရုတ်နိုင်ငံကို ကုန်ဝယ်တယ်။ ကုန်ဝယ်တဲ့အခါ ကျတော့ ဒေါ်လာနဲ့ပဲ သွားဝယ်ကြ တယ်။ တကယ်တော့ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီးလုပ်ရမှာ။ ဘဏ်တွေမှာ သုံးတဲ့ငွေက ဘယ်လောက်သုံးသွား တယ်ဆိုတာ၊ ဘယ်လောက်ဝင်လာ တယ်ဆိုတာ အစိုးရကသိမှာ။ သိလာ မှ ဒါကိုဖြေရှင်းလို့ရမှာ။ အခုက ဝယ်ရောင်းသမားတွေက ဒေါ်လာ ယူလာတယ်။ ဟိုဘက်ရောင်းတယ်။ဟိုဘက်က တရားမဝင်ပစ္စည်းတွေ သယ်လာ။ ဒါတွေကြောင့် ဖြစ်နေတာ ပေါ့။ အဓိက တရုတ်နိုင်ငံဆိုရင်လည်း တရုတ်နဲ့ မြန်မာနဲ့ ယွမ်နဲ့ မြန်မာငွေ တရားဝင်သုံးနိုင်အောင် နိုင်ငံတော် အစိုးရကနေ ကြီးကြပ်ပြီးတော့ လုပ်ပေးသင့်တယ်။ တရားဝင် ကုန်သွယ်မှုရအောင်၊ တရားဝင်တရုတ် ငွေကို ကုန်သွယ်မှုလုပ်တဲ့အခါ တရားဝင်သုံးစွဲနိုင်အောင် လုပ်ပေး ဖို့လို့တယ်။ အဲဒါဆို အဆင်ပြေသွားမယ်။ ဒေါ်လာပြဿနာလည်း ပြေလည်သွားမယ်။


ဒေါက်တာဝင်းမြင့် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ စက်သုံးဆီအသင်း)
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ဟိုရက်ကတော့ စစ်ဆေးမှုလေး တွေ လုပ်နေတယ်ကြားတယ်။ အဲဒါ ကြောင့် ဒေါ်လာဈေး ပြန်ငြိမ်သွား တယ်။ လတ်တလောတော့ သက် ရောက်မှု ကောင်းတယ်ပြောရမှာပေါ့။ ဒါပေမယ့် ဥပဒေအတိုင်း ဆောင်ရွက် ရင် ပိုကောင်းမှာပါ။ ဥပဒေရှိရမှာ ပါ။ ဘာကြောင့်ဖြစ်တယ်ဆိုတာ ဒေါ်လာသည် ဈေးနှုန်းကစားတဲ့၊ ဒေါ်လာဈေးနှုန်းကို ဖန်တီးတဲ့ အုပ်စုရှိတယ်။ အဖွဲ့ရှိတယ်။

ပြန်ကြည့်မယ်ဆိုရင် ဒေါ်လာဆို တာက ကုန်ပစ္စည်း တစ်ခုလိုဖြစ်နေ တယ်။ ကျန်တဲ့ ပစ္စည်းတွေနဲ့မတူဘူး။ ထူးခြားတာက သက်ရောက်မှုက တစ်နိုင်ငံလုံးရဲ့ စီးပွားရေးကို သွား သက်ရောက်နေတယ်။ သက်ရောက် တော့ လွတ်လပ်တယ်၊ လွတ်လပ်တယ် ဆိုတာက အရာရာတိုင်းတော့ မကောင်းဘူးလို့မြင်တယ်။ ရောင်းဝယ် ဖောက်ကားမှုပြုတဲ့ နေရာမှာတော့ လွတ်လပ်ခြင်းဆိုတာ ကောင်းတယ်။ ဒါပေမယ့် တချို့ကိစ္စရပ်တွေမှာ တော့ လွတ်လပ်လို့မကောင်းဘူး။အထူးသဖြင့် ဒေါ်လာကတော့ လွတ်လပ်စွာ ဈေးကွက်ကြီးကဖြစ် တယ်ဆိုတာ စကားလုံးလေးကကောင်း တယ်။ သို့သော်လည်းပဲ အဲဒီလိုထား လို့ရတဲ့ ပစ္စည်းမျိုးတော့ မဟုတ်ဘူး လို့မြင်တယ်။

နိုင်ငံတကာမှာလည်း ငွေကြေး မူဝါဒ၊ ငွေကြေးတည်ငြိမ်မှုက အရေး ကြီးတယ်။ ငွေကြေးမူဝါဒ၊ ငွေကြေး တည်ငြိမ်မှုမရှိရင် အဲဒီနိုင်ငံတွေရဲ့ စီးပွားရေး မတည်ငြိမ်မှုဖြစ်မှာပါ။ လွန်ခဲ့တဲ့ခုနစ်နှစ်က ထိုင်းနိုင်ငံဆိုရင် ငွေကြေး တည်ငြိမ်မှုမရှိခဲ့လို့ စီးပွားရေး ကမောက်ကမဖြစ်ခဲ့တဲ့ နမူနာတွေရှိခဲ့တယ်။ ဒေါ်လာကို ဗဟိုဘဏ်က ထိန်းကျောင်းပြီးတော့ ဆောင်ရွက်တဲ့ဈေးကွက်နဲ့ ဖြစ်သင့် တယ်လို့မြင်တယ်။

ရွှေလုပ်ငန်းနဲ့ ပတ်သက်ရင်လည်း သတ္တုတူးဖော်ရေးက လုပ်နေတာကြာ ပြီ။ အမြဲတမ်းလည်း ကျွန်တော်တို့ နိုင်ငံက ရွှေတွေကအများကြီးထွက် နေပါတယ်။ အဲဒီရွှေတွေကလည်း အိမ်နီးချင်းနိုင်ငံတွေကို ရောင်းစား နေတာပဲ။ ဒီငွေတွေကလည်းတရား ဝင်လမ်းကြောင်းပေါ်မှာ မရှိဘူး။ မရှိတဲ့အခါကျတော့ အဲဒီကရတဲ့ ငွေတွေကလည်း တကယ်တမ်းတော့ အတိုင်းအတာတစ်ခုထိ နည်းမှာ မဟုတ်ဘူး။ တရားဝင်ရောင်းချခွင့် မပြုခဲ့တဲ့အခါကျတော့ ကုန်သွယ်မှု မညီမျှမှုဖြစ်တာပါ။

မကြာခင်ကတော့ ရွှေနဲ့ ပတ်သက်ပြီး One Stop Service ဖွင့်တယ်ဆိုတော့ ဝမ်းသာစရာသတင်း ပါပဲ။ တရားဝင် သွားလို့ရပြီဆိုရင်၊ ငွေတွေကလည်း တရားဝင်လမ်း ကြောင်းပေါ် ရောက်လာပြီဆိုရင် တရားမဝင် ရောင်းဝယ်မှုတွေ အထူး သဖြင့် မဂိုလမ်းမှာ ဒီရောင်းတဲ့ရွှေတွေ ဒေါ်လာဈေးကွက်ဆိုတာ ဒီဘက် ကပဲလာတာပဲ။ အဲဒီကနေ အခြေပြု ပြီး အဲဒီကနေ ဈေးနှုန်းအရောင်း အဝယ် လုပ်တဲ့အခါကျတော့ ကုန်သည်ဆိုတာကတော့ ကိုယ့်လက် ထဲရှိတဲ့ပစ္စည်းကို ဈေးရအောင်ရောင်း ကြတာပါ။ ကျန်တာတွေ တိုင်းပြည် မှာ ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတာ သူတို့မတွက်တော့ဘူး။

တွေ့ဆုံမေးမြန်း-သီသီမင်း၊မင်းသစ်
ဓာတ်ပုံ-နေလင်း

No comments:

Post a Comment