Friday, September 28, 2018

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များစုပေါင်း၍ ဆေးရုံသုံးပစ္စည်းများ လှူဒါန်း




နေပြည်တော် စက်တင်ဘာ ၂၇

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များစုပေါင်း၍ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံ ကြီးရှိ သူနာပြုခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်ပြည်သူ့ ဆေးရုံအုပ်ကြီး ပါမောက္ခချုပ် ဒေါက်တာရီရီမြင့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများ တက်ရောက်ကြသည်။


ရှေးဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆေးရုံသုံး ပစ္စည်းများ လှူဒါန်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ မိသားစုဝင်များက ဆေးရုံအုပ်ကြီးထံ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းသည်။

ယင်းနောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ ကိုယ်စား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ စစ်ဦးစီး အရာရှိချုပ်(ရေ) ဗိုလ်ချုပ် မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ် ထွန်းအောင်တို့က ဆေးရုံသုံးပစ္စည်းများကို လည်းကောင်း၊ အလှူရှင်များဖြစ်ကြသည့် ဦးအောင်မျိုးဟိန်း Authentic Co. Ltd ၊ ဦးလှမျိုး အောင်မြင်သူကုမ္ပဏီ၊ ဦးကျော်ဟိန်း ချမ်းဟိန်းကုမ္ပဏီနှင့် ကြယ်နီလာကုမ္ပဏီမှ ဒေါက်တာထက်အောင်တို့က ဆေးရုံသုံးပစ္စည်းများအား လည်းကောင်း ပေးအပ်လှူဒါန်းကြပြီး ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် နေ့စဉ်ပျမ်းမျှ လူနာ ၁၆၀၀ ကျော်ခန့် တက်ရောက်ကုသမှု ခံယူလျက်ရှိပြီး ယနေ့တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက အာဟာရဖြည့် နေ့လယ်စာကို လှူဒါန်း ကျွေးမွေးခဲ့သည်။

ယနေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များစုပေါင်း၍ ဆေးရုံအတွက် လိုအပ်သည့် Suction Machine အသေး ငါးခု၊ အကြီး ၁၀ ခု၊ Trolley အခု ၃၀၊ Ambulance Structure ၁၀ ခု၊ Syring Pump ၁၀ ခု၊ ECG Machine (3 Channel) ၁၀ ခု၊ ECG Machine (1 Channel) ၁၀ ခု၊ Patient Transport Trolley ၁၀ ခု စုစုပေါင်းပစ္စည်း ရှစ်မျိုး၊ အရေအတွက် ၉၅ ခု တန်ဖိုးငွေစုစုပေါင်း ကျပ်သိန်း ၆၀၀ ကျော်အား လှူဒါန်းခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

သတင်းစဉ်

ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment