နေပြည်တော် သြဂုတ် ၃
အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ
(၁/၂၀၁၈)အစည်းအဝေး ကို ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌
ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
အဖွင့်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့
အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ
ဦးဟင်နရီဗန်ထီးယူ၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး များ၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊
ဒုတိယ ၀န်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ၀န်ကြီးများ၊
ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ နိုင်ငံ ကုန်သည်ကြီးများနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း
အဖွဲ့ချုပ်နှင့် ညီနောင်အသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ
တက်ရောက် ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က အဖွင့် အမှာစကားပြောကြားပြီး အခမ်းအနားသို့
တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက်
အစည်းအဝေးကို ဆက်လက်ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက
ယနေ့ကျင်းပ သည့် အမျိုးသားခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးသည် ၂၀၁၈ ခုနှစ် အတွင်း
ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး ဗဟိုကော်မတီ စတင်ဖွဲ့စည်း ခဲ့သည့် ၂၀၁၆
ခုနှစ် ကစပြီး နှစ်စဉ်ပုံမှန်ကျင်းပခဲ့သည်မှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင်
(၄)ကြိမ် ရှိပြီဖြစ်ပါကြောင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်၏
စီးပွားရေးဖွံ့ဖြိုးတိုးတက် ရန် ရေတို၊ ရေရှည် အထောက်အကူပြုမည့်
မောင်းနှင်အားတစ်ခုဖြစ်ပါကြောင်း၊ ခရီးသွား လုပ်ငန်းသည် အလွန်ကျယ်ပြန့်ပြီး
ကဏ္ဍပေါင်းစုံအပေါ်တွင် သက်ရောက်မှုရှိသည့်အတွက် ဆက်စပ်ဝန်ကြီးဌာန၊
အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု၊ ကူညီပံ့ပိုးမှုသည် များစွာ
အရေးပါပါကြောင်း။
ကမ္ဘာလှည့်ခရီးသွားများတွက် ဗီဇာလွယ်လင့်တကူရရှိရေး၊ လွယ်ကူချောမွေ့သည့် သယ်ယူပို့ဆောင်ရေး၊ အဆင်ပြေစွာ တည်းခိုနေထိုင် စားသောက်ရေး၊ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာလည်ပတ်နိုင်ရေး စသည်တို့ကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မှသာ လည်ပတ်ရန်ကောင်းသည့် ခရီးစဉ်ဒေသတစ်ခု ဖြစ်လာမည်ဖြစ်ပါကြောင်း။
World Travel and Tourism Council ၏
ခန့်မှန်းချက်အရ ကမ္ဘာ့စီးပွားရေး တိုးတက်မှုသည် ၂၀၁၈ ခုနှစ်တွင်
ဆက်လက်တည်ရှိနေဦးမည်ဟု ခန့်မှန်းထားသည့်အတွက် Travel and Tourism
လုပ်ငန်းသည်လည်း ပုံမှန်တိုးတက်နေဦးမည်ဟု မျှော်မှန်းထားကြ ပါကြောင်း၊
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့်လည်း ၂၀၂၀ ခုနှစ်တွင် တစ်ကမ္ဘာလုံး
ခရီးသွားလာသူပေါင်း ၁ ဒသမ ၆ ဘီလီယံခန့်ရှိလာပြီး ၎င်းတို့အနက် အရှေ့တောင်အာရှ
နိုင်ငံများသို့ ၁၂၃ သန်းခန့် လာရောက်မည်ဟု ခန့်မှန်းထားသည့်အတွက်
ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အလားအလာသည် အကောင်းဘက်သို့ ဦးတည်နေသည်ဟု ယူဆရပါ
ကြောင်း။
မြန်မာကို ကမ္ဘာက ပိုမိုသိရှိအောင် မြန်မာနိုင်ငံ၏
ပုံရိပ်ကောင်းများ ကို International Community သို့
ရောက်ရှိပြန့်ပွားအောင် ဆောင်ရွက်ရန်လိုပါကြောင်း၊ နိုင်ငံတကာနှင့်ဒေသ
တွင်းရှိ အရေးပါသည့် ခရီးသွားပြပွဲများတွင်ပါဝင်ပြသရန် Target Market
အဖြစ်သတ်မှတ် ထားသည့်နိုင်ငံများတွင် Road Show များပြုလုပ်ကြရန်၊
ခရီးသွားလုပ်ငန်းတွင် အရေးပါ သည့် အဖွဲ့အစည်းများ မြန်မာနိုင်ငံသို့
လာရောက်ရန်အတွက် လေ့လာရေးခရီးစဉ်များ စီစဉ်ရန်၊ Digital Marketing
များအသုံးပြု၍ ဈေးကွက်ထိုးဖောက်ကြရန်၊ ဝန်ကြီးဌာနများ တွင်ရှိသည့် Website
များတွင်လည်း Update ဖြစ်သည့် သတင်းအချက်အလက်များ၊
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုမည့်
သတင်းအချက်အလက်များကို ဖော်ပြပေးကြရန် လုပ်ငန်းများကို စဉ်ဆက်မပြတ်
ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
နိုင်ငံတော်အပိုင်းကလည်း အခြေအနေ
အချိန်အခါ ပေါ်မူတည်ပြီး တတ်နိုင်သည့် အပိုင်းက ရန်ပုံငွေအထောက်အပံ့
အကူအညီပေးရန်ရှိပြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များကလည်း
မိမိတို့တတ်နိုင်သည့် ရန်ပုံငွေကြေးစုဆောင်းပြီး မြှင့်တင်ရေး
လုပ်ငန်းများ၊ ဈေးကွက်ရှာဖွေရေးလုပ်ငန်းများကို စုဖွဲ့ဆောင်ရွက်ကြရန်
လိုအပ်ပါကြောင်း၊ အသင်းအဖွဲ့များအလိုက် တက်ညီလက်ညီ ဆောင်ရွက်ကြမှသာ
ရည်မှန်းချက်ကို ပေါက်မြောက် နိုင်မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ စတင်ရောက်ရှိ
လာသည်မှ ပြန်လည်ထွက်ခွာသည်အထိ အဆင်ပြေစွာ၊ စိတ်ချမ်းမြေ့စွာ သွားလာလည်ပတ်
နေထိုင်ရေးအတွက် နိုင်ငံအတွင်း ပြင်ဆင်ရမည့်လုပ်ငန်းများကို
စီစဉ်ဆောင်ရွက်ပေးရန် အထူးလိုအပ်ပါကြောင်း။
ဧည့်သည်များ
တည်းခိုရာတွင် ဝန်ဆောင်မှုကောင်းမွန်ရန်၊ ဟိုတယ်အခန်းခများ သင့်တင့်မျှတရန်၊
ပေးရသည့်ငွေကြေးနှင့်ရသည့် Service ထိုက်တန်ရန်လိုအပ်ပါကြောင်း၊
ခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ်သည့် အခါတွင်လည်း
သန့်ရှင်းကောင်းမွန်သည့် အများသုံး သန့်စင်ခန်းများ လုံလောက်စွာထားရှိရန်၊
အမှိုက်သရိုက်များကင်းစင်ရန်၊ စား သောက်ဆိုင်များ သန့်ရှင်းကောင်းမွန်ရန်၊
ရောင်းချသည့် အစားအစာများ ကျန်းမာရေးနှင့် ညီညွတ်ရန်၊ ဒေသအလိုက်
ရိုးရာအစားအစာများ ဖော်ထုတ်ရန်၊ ခရီးသွားဧည့်သည်များကို
အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်ကိစ္စရပ်များကို ပြည်နယ်နှင့်
တိုင်းဒေသကြီး အစိုးရ အဖွဲ့များအနေဖြင့် စနစ်တကျ အကောင်အထည်ဖော်
ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်သည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများကလည်း
ပူးပေါင်းကူညီ ဆောင်ရွက်ရန်လိုပါ ကြောင်း။
မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ၊ တောတောင်ရေမြေ သဘာဝအလှအပ များ၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့များနှင့် အစားအစာများ၊ လည်ပတ်စရာများ၊ ဆွဲဆောင် မှုများသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် အရည်အသွေးရှိသည့် ခရီးစဉ်ဒေသ၊ ယှဉ်ပြိုင် နိုင်စွမ်းရှိသော ခရီးစဉ်ဒေသဖြစ်ရန်လိုပါကြောင်း၊ ခရီးသွားဧည့်သည်များ၏ သဘောထား အကြံပြုချက်များကို အထူးဂရုပြုပြီး လိုအပ်ချက်များ၊ အားနည်းချက်များကို ပြုပြင်ဖြည့် ဆည်း ဆောင်ရွက်သွားမည်ဆိုပါက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် များစွာအထောက် အကူပြုမည်ဖြစ်ပါကြောင်း။
ဝန်ဆောင်မှုပေးရာတွင် ခေတ်နှင့်လျော်ညီသည့်
နည်းစနစ်များကို အသုံးချရန်လိုအပ် ပါကြောင်း၊ ၎င်းစနစ်သစ်များကို
အသုံးပြုနိုင်ရန်အတွက် မိမိတို့နိုင်ငံအနေဖြင့် ပြင်ဆင် ဆောင်ရွက်ထားရန်
လိုအပ်လာပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကို လာရောက်သည့် နိုင်ငံ တကာ
ခရီးသွားဧည့်သည်များသည် ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၄၄ သန်း လာရောက်ခဲ့ပြီး ၂၀၁၆
ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းခန့် တိုးတက်လာသည်ဟု
သိရပါကြောင်း၊ ဧည့်သည်လျော့ကျသွားသည့် နိုင်ငံများက ခရီးသွားဧည့်သည်များ
ပြန်လည်တိုးတက်လာ ရန် အတွက်လည်း စနစ်တကျ အစီအမံများချမှတ်ပြီး ဆောင်ရွက်ရန်
လိုအပ်ပါကြောင်း။
ဂျပန်၊ ကိုရီးယား၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ
ခရီးသွားဧည့်သည်များအတွက် ဗီဇာဖြေလျှော့ပေးသည့် အစီအစဉ်များ
ဆောင်ရွက်နေပြီဖြစ်သည့်အတွက် ကျန်အလား အလာရှိသည့် နိုင်ငံများကိုလည်း
ဗီဇာဖြေလျှော့မှုများ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ပေး သွားမည်ဆိုပါက
မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့်ဧည့်သည် ပိုမိုများပြားလာမည်
ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံ ကောင်းများရှိပါကြောင်း၊ မြန်မာနိုင်ငံ၏
ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးမှု ကို
အထောက်အကူပြုသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အားလုံးတက်ညီလက်ညီ
ပူးပေါင်းဆောင်ရွက်သွားမည် ဆိုပါက အမြန်ဆုံး ဦးမော့လာမည်ဖြစ်ပါကြောင်း
ပြောကြား သည်။
ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က
ကမ္ဘာလှည့်ခရီးသည်ရောက်ရှိမှု၊ မြန်မာနိုင်ငံ ခရီးသွား လာရေးလုပ်ငန်းဥပဒေ
အသစ်ပြန်လည်ရေးဆွဲနေမှု၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဗီဇာဖြေလျှော့မှု၊ မိုးရာသီကာလ ခရီးသွားမြှင့်တင်ရေးဆောင်ရွက်မည့်
အစီအစဉ်နှင့် ဒေသ တွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု
အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဝင်
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊
သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေးနှင့်
ဦးစိုးဝင်းတို့က ၀န်ကြီးဌာနအလိုက် ခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် ကိစ္စရပ်များကို
ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက
ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀န်ကြီးဌာနအလိုက်
ဆောင်ရွက်နေမှုအခြေအနေကို တင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ၀န်ကြီးချုပ် များနှင့် ၀န်ကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ လက်ရှိခရီးသွားလုပ်ငန်း အခြေအနေ၊ ခရီးသွားဒေသများ ထိန်းသိမ်းထားရှိမှုများနှင့် ခရီးသွားများ ပိုမိုစိတ်ဝင်စားမှု ရှိလာစေရေး ဆောင်ရွက်နေမှုများနှင့် ဖြေလျှော့ဖြည့်ဆည်းဆောင်ရွက်ပေးမည့် ကိစ္စရပ်များ ကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် မြန်မာခရီးသွားလုပ်ငန်းအသင်း
အဖွဲ့ဝင်များက ခရီးသွားလုပ်ငန်းမြှင့်တင် ရေးဆိုင်ရာဆောင်ရွက်ချက်များနှင့်
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင် ရွက်သင့်သည့် အချက်များ၊
ဖြေလျှော့ပေးစေလိုသည့် လုပ်ငန်းစဉ်များကို အကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတက တင်ပြချက်များနှင့်ပတ်သက်သည့် လုပ်ငန်းလိုအပ်ချက်
များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး
နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။




No comments:
Post a Comment