Friday, August 3, 2018

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်

နေပြည်တော် သြဂုတ် ၃ 

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ယနေ့တွင် သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ ရာဇ၀တ်ကြီးမှု အမှတ် ၃၄/၂၀၁၈ တရားလို ဦးသန့်ဇင်ဦးက တရားခံ သန်းထွန်းအောင်(ခ) သားကြီး ပါ (၃)ဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ စွဲဆိုထားသည့် သရုပ် ဆောင် အောင်ရဲထွေး သေဆုံးခဲ့ရသည့် အမှုကိစ္စနှင့်ပတ်သက်၍ ၂၅-၇-၂၀၁၈ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ တရားခံများအပေါ် စွဲဆိုထားသည့် ပြစ်မှုအား ရာဇ၀တ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ဂျာနယ်နှင့် သတင်းမီဒီယာများတွင် အဂတိ လိုက်စားမှု ရှိနိုင်ကြောင်း သတင်းများ ပျံ့နှံ့ဖြစ်ပေါ်နေကြောင်း။

အများပြည်သူများအတွင်း ပျံ့နှံ့နေသော အထက်ပါသတင်းသည် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုကျူးလွန်မှုရှိကြောင်း သင်္ကာမကင်း ဖွယ်ရာဖြစ်ခြင်းအတွက် ခိုင်လုံသည့် အထောက်အထား ရှိနိုင်သည်ဟု ယုံကြည်ရန် အကြောင်းပေါ်ပေါက်သဖြင့် ၂-၈-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကော်မရှင် အစည်းအဝေးအမှတ်စဉ် (၃၂/၂၀၁၈)၌ တက်ရောက်သူ ကော်မရှင် အဖွဲ့ဝင် အားလုံးက တစ်ညီတစ်ညွတ်တည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃(ဂ)အရ ကျော်စောသတင်းအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ပြီး ယင်း ဥပဒေပုဒ်မ ၁၇(ဈ) အရ ကော်မရှင်သို့ သတင်းပေးပို့ချက်အဖြစ် အတည်ပြု သတ်မှတ်ကြောင်း ထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြပါရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment