ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့်
လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းခြင်းတို့ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက
ကြိုဆို
နေပြည်တော် သြဂုတ် ၅
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူသမ္မတနိုင်ငံတွင် သြဂုတ် ၁ ရက်မှ ၄ ရက်အထိ ကျင်းပသည့် (၅၁) ကြိမ်မြောက်
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီးနောက်
ယနေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။
ပြည်ထောင်စုဝန်ကြီးသည်
သြဂုတ် ၁ ရက်တွင် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အာဆီယံ အစိုးရချင်းဆိုင်ရာ ကော်မရှင်၏
ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲ၊ အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းမဲ့ဇုန်ဆိုင်ရာ
ကော်မရှင် အစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ အလုပ်သဘောညစာစားပွဲတို့သို့
အခြား အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများနှင့်အတူ
တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည်
သြဂုတ် ၂ ရက်၊ နံနက်ပိုင်းတွင် အခြားအာဆီယံ နိုင်ငံခြားရေး ဝန်ကြီး များနှင့်အတူ စင်ကာပူနိုင်ငံဝန်ကြီးချုပ်
လီရှန်လုံးအား ဂါရဝပြု တွေ့ဆုံခဲ့ပြီးနောက် (၅၁) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ
အစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနား၊ အာဂျင်တီး နားနိုင်ငံနှင့် အီရန် နိုင်ငံတို့မှ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့်
ပူးပေါင်းဆောင်ရွက်ရေးစာချုပ်သို့ ပါဝင် လက်မှတ်ရေးထိုးသည့် အခမ်းအနား၊ (၅၁) ကြိမ်မြောက်
အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ မျက်နှာစုံညီ အစည်းအဝေးနှင့် သီးသန့်အစည်းအဝေးနှင့်
အာဆီယံ၏ ဆွေးနွေးဖက် နိုင်ငံများဖြစ်ကြသည့် ဂျပန်၊ ရုရှား၊ တရုတ်၊ နယူးဇီလန် နိုင်ငံတို့နှင့်ကျင်းပသည့်
နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့သို့ တက်ရောက် ခဲ့သည်။
သြဂုတ် ၃ ရက်တွင်
အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသည့် အိန္ဒိယ၊ ကနေဒါ၊ ကိုရီးယား သမ္မတနိုင်ငံ၊ ဥရောပ
သမဂ္ဂ၊ သြစတြေးလျ၊ အမေရိကန်နိုင်ငံတို့နှင့် ကျင်းပသည့် နိုင်ငံခြားရေး ဝန်ကြီးများ
အစည်းအဝေးများသို့ တက်ရောက် ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည်
အာဆီယံ-သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးတွင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ
ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေး အပြီးတွင် အာဆီယံ-သြစတြေးလျ ဆွေးနွေးဖက်ဆက်ဆံရေး
ညှိနှိုင်းရေးမှူး တာဝန်ကို မလေးရှား နိုင်ငံခြားရေးဝန်ကြီးထံသို့ လွှဲပြောင်းခဲ့သည်။
အလားတူ အာဆီယံ-ကနေဒါ
နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးက ဆွေးနွေးဖက်
ဆက်ဆံရေး ညှိနှိုင်းရေးမှူးတာဝန်ကို ပြည်ထောင်စု ဝန်ကြီးထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံသည်
အာဆီယံ-ကနေဒါ ဆွေးနွေးဖက် ဆက်ဆံရေး၏ ညှိနှိုင်းရေးမှူးတာဝန်ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လမှ
၂၀၂၁ ခုနှစ်၊ သြဂုတ်လအထိ ထမ်းဆောင်မည်ဖြစ်သည်။
ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် ညစာ စားပွဲသို့ တက်ရောက် ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည်
သြဂုတ် ၄ ရက်တွင် (၁၉) ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊
(၈) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊
(၂၅) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်၏ သီးသန့် အစည်းအဝေးနှင့် မျက်နှာစုံညီ အစည်းအဝေးများသို့
တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည်
(၉) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ (၈) ကြိမ်မြောက်
မဲခေါင်-ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၁) ကြိမ်မြောက် မဲခေါင်မြစ်
အောက်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးနှင့်
(၁၁) ကြိမ်မြောက် မဲခေါင်-ဂျပန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့လည်း တက်ရောက်
ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် (၈) ကြိမ်မြောက် မဲခေါင်-ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ
အစည်းအဝေးတွင် ကိုရီးယားသမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ပူးတွဲသဘာပတိအဖြစ်
ဆောင်ရွက်ခဲ့သည်။
စင်ကာပူနိုင်ငံတွင်
ရောက်ရှိနေစဉ်ကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် မလေးရှားနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊
ထိုင်းနိုင်ငံ၊ တီမောလက်စ်တေနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ အမေရိကန် ပြည်ထောင်စု၊ ကိုရီးယားဒီမိုကရက်တစ်
ပြည်သူ့သမ္မတနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဆွစ်ဇာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီးတို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များကို
ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး
ဦးကျော်တင်သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး၊ အရှေ့ အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ
နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးနှင့် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ် အစည်းအဝေးတို့တွင်
ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများကို အလွတ်သဘော
ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ရှင်းလင်းပြောကြားရာတွင်
ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အရေးကိစ္စ၏ သိမ်မွေ့ရှုပ်ထွေး မှုအခြေအနေ၊ အာဆာအကြမ်းဖက်အဖွဲ့၏
စတင်တိုက်ခိုက်မှုများကြောင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်လာရသည့်အခြေအနေ၊ ကိုဖီအာနန် ဦးဆောင်သည့် အကြံပေးကော်မရှင်၏ အကြံပြုချက်များ
အကောင်အထည် ဖော်မှု အခြေအနေ၊ မြန်မာနိုင်ငံ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး
(UNHCR) နှင့် ကုလသမဂ္ဂ ဖွံဖြိုးတိုးတက်မှု အစီအစဉ် (UNDP) တို့အကြား လက်မှတ်ရေးထိုးခဲ့သည့်
နားလည်မှု စာချွန်လွှာအား အကောင် အထည်ဖော်ရာတွင် ဖြစ်ပေါ်တိုးတက်မှုများ၊ နှစ်နိုင်ငံသဘောတူညီချက်များကို
အကောင် အထည်ဖော်မှုမှ တစ်ဆင့် နေရပ်စွန့်ခွာသူများ နေရပ်ပြန်လည်ပို့ဆောင်ရေးအတွက် မြန်မာဘက်မှ
ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ရခိုင်ပြည်နယ် တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေး
နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ရန် အမျိုးသား အစီအစဉ်တစ်ရပ်အဖြစ်
လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း
ပြောကြားခဲ့သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ
အစည်းအဝေးအပြီးတွင် (၅၁) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏
ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ အဆိုပါကြေညာချက်တွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက
ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အစီအစဉ်များနှင့်စပ်လျဉ်း၍
မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်ကူညီ ထောက်ခံသွားမည်ဖြစ်ကြောင်း၊
နားလည်မှုစာချွန်လွှာအား အကောင် အထည်ဖော်မည့် လုပ်ငန်းအစီအစဉ် တစ်ရပ်ရေးဆွဲနေသည့် လုပ်ငန်းအဖွဲ့၏
ကြိုးပမ်းအားထုတ်မှုများကို ကြိုဆိုကြောင်း၊ ကိုဖီအာနန် ကော်မရှင်၏ အကြံပြုချက်များ
အကောင်အထည်ဖော်ရာတွင် အောင်မြင်တိုးတက်မှုများကို အသိအမှတ်ပြုပြီး၊ မြန်မာအစိုးရမှ လွတ်လပ်သောစုံစမ်း
စစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းခြင်းကို ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ်၏ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး၊
တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေးနှင့်
ပြန်လည်သင့်မြတ်ရေးတို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်ထောက်ခံအားပေးကြောင်း
ဖော်ပြထားသည်။
(သတင်းစဉ်)

No comments:
Post a Comment