Monday, August 6, 2018

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းသိမ်း ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၊ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အမှာစကား ပြောကြား

ရန်ကုန် ဩဂုတ် 
ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ကေတုမတီခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးဝင်းမော်၊ အဖွဲ့ဝင် ဒေါက်တာဦးပွား၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုးနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်မှ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက သင်တန်းဖွင့် အဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်း ကို ဝန်ကြီးဌာန အဖွဲ့အစည်း အသီးသီး၏ စီမံခန့်ခွဲအုပ်ချုပ်မှုပိုင်း၌ အဓိက တာဝန်ထမ်းဆောင်နေပြီး အနာဂတ်တွင် နိုင်ငံတော်၏ ပိုမိုကြီးမားသည့် တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် အဆင့်မြင့် အရာရှိကြီးများ၏ အရည်အသွေးများ မြင့်မား ထက်မြက်လာစေပြီး မိမိတာဝန်ယူရမည့် ဝန်ထမ်း အဖွဲ့အစည်း၌ ဦးဆောင်နိုင်မှု စွမ်းရည် တိုးတက်လာစေရန်နှင့် အနာဂတ် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။
သင်တန်းကာလအတွင်း ပြည်တွင်း၊ ပြည်ပ ဘာသာရပ်များကို ဆွေးနွေးပို့ချ ပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်းများ ပြုလုပ်ခြင်းဖြင့် နိုင်ငံ့ဝန်ထမ်း အဆင့်မြင့်အရာရှိကြီး များသည် မြန်မာနိုင်ငံ၏ အနေအထားနှင့် ကိုက်ညီမှုရှိသည့် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊ ဖက်ဒရယ်စနစ် ဖန်တီးပုံဖော်မှု၊ ဒီမိုကရေစီနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဖွင့်ဆိုချက်များ အယူအဆများနှင့် သဘောတရားများ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာနိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတွင် အဓိကကျသည့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍပြုပြင် ပြောင်းလဲရေးအတွက်  အဘက်ဘက်မှ ဆောင်ရွက်လျက်ရှိပါကြောင်း။
လက်ရှိ နိုင်ငံတော်အစိုးရ လက်ထက်တွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အနေဖြင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်း အသီးသီးရှိ ပြန်တမ်းဝင် အရာရှိအဆင့် စတင်ခန့် ရာထူးနေရာများကို စနစ်တကျ စိစစ်ရွေးချယ်ပေးခြင်း၊ ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ပေးခြင်း၊ ဝန်ထမ်းများ လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများ သတ်မှတ်ရေးနှင့် မူဝါဒ လမ်းညွှန်ချက်များ ချမှတ်နိုင်ရေး အတွက် ပြည်ထောင်စုအစိုးရအား အထောက်အကူပြုခြင်း၊ ဝန်ထမ်း အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ထမ်း အဖွဲ့အစည်းများ၏ ဝန်ထမ်း ရွေးချယ်ခန့်ထားရေး၊ လေ့ကျင့်ပျိုးထောင်ရေး၊ စည်းကမ်း ထိန်းသိမ်းရေး ကိစ္စများနှင့် စပ်လျဉ်း၍  စိစစ်ညှိနှိုင်း ဆောင်ရွက်ခြင်းစသည့် တာဝန်များကို ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများပါ ပြဋ္ဌာန်းချက်များအရ လည်းကောင်း၊ လုပ်ထုံး လုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် လျက်ရှိပါကြောင်း။
ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် ပူးပေါင်းပြီး (နေပြည်တော်) ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ရုံးပရဝဏ်အတွင်း ပြည်သူ့ဝန်ထမ်း အကယ်ဒမီ လေ့ကျင့်ရေး သင်တန်းကျောင်း တည်ဆောက်နိုင်ရေးကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ သင်တန်းကျောင်းတွင် အဆင့်ဆင့်သော နိုင်ငံ့ဝန်ထမ်းများအတွက် Short Term,  Medium Term , Long Term Training Course များ Generalized Training Program နှင့် Specialized Training Program များ၊ Bachelor Degree  International Training Program များကို ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးသွားမည်ဖြစ်ပြီး အာဆီယံ နိုင်ငံ့ ဝန်ထမ်းဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကျင်းပသည့် အစည်းအဝေးများကိုလည်း ကျင်းပသွားမည် ဖြစ်ပါကြောင်း။ 
နိုင်ငံတော်အသွင်ကူးပြောင်းဆဲ ကာလတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အနေဖြင့် နိုင်ငံ့ဝန်ထမ်းကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒများကို လက်တွေ့ အကောင်အထည်ဖော်ပေးနေသည့် သင်တန်းသား၊ သင်တန်းသူများကလည်း ပြည်သူလူထု အတွက် ကောင်းမွန် ထိရောက်သည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ရန် တာဝန်ရှိသူများလည်း ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများသည် နိုင်ငံတော် အစိုးရကို ကိုယ်စားပြုသူများ ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရနှင့် ပြည်သူကြား ယုံကြည်မှု တည်ဆောက်ရာမှာ အခရာကျသူများ ဖြစ်ပြီး ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ပေါ်ထွန်းလာအောင် စွမ်းဆောင်ပေးနိုင်မည့်သူများ ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား(၁၆)ဦး၊ သင်တန်းသူ(၄)ဦး၊ စုစုပေါင်း(၂၀) တက်ရောက်မည် ဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာ ၂၈ ရက်အထိ ရက်သတ္တ(၈)ပတ်ကြာ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရှိရသည်။
 (သတင်းစဉ်)

No comments:

Post a Comment