Wednesday, August 1, 2018

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၁၈ ဘဏ္ဍာနှစ် (ဒုတိယအကြိမ်) လေးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



နေပြည်တော် သြဂုတ် ၁ 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၁၈ ဘဏ္ဍာနှစ် (ဒုတိယအကြိမ်) လေးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် ရှိ အဆိုပါ ဝန်ကြီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဟန်ချက်ညီဆောင်ရွက်နိုင်ရန် ကာလရှည် စီမံကိန်းများ၊ ကာလတို စီမံကိန်းများ၊ နှစ်စဉ်စီမံကိန်းများကို နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ ရေးဆွဲ ပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လက်တွဲညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းအဖြစ် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ် တောများဖွဲ့စည်းခြင်း၊ သဘာဝနယ်မြေများဖွဲ့စည်းခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပုဂ္ဂလိက ဝါးစိုက်ခင်း တည်ထောင်ရန်နှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်(ဝါး) တည်ထောင်လိုသူများအတွက် ဝါးစိုက်ခင်းများကို ခွင့်ပြုပေးထားပြီဖြစ်ပါကြောင်း။ 

တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရမှုနှင့် ဆင်စွယ်အပါအဝင် ယင်းတို့၏အစိတ်အပိုင်းများ တရားမဝင် ကူးသန်းရောင်းဝယ်မှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်များပြားလာသဖြင့် တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်မှု စောင့်ကြည့်ရေးအဖွဲ့တို့၏ နည်းပညာနှင့် ရန်ပုံငွေအကူအညီဖြင့် တောဆင်ရိုင်း ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများအား သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

တရားမဝင်သစ် ထုတ်လုပ်မှုနှင့်ဇီဝမျိုးစုံမျိုးကွဲများ တရားမဝင်ထုတ်လုပ်ရောင်းချမှုများ လျော့နည်းပပျောက်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပါအဝင် ကျန်ဆက်စပ်ဝန်ကြီးဌာနများ အိမ်နီးချင်းနိုင်ငံများနှင့် ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့တို့မှလည်း ပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း။

သဘာဝဘေးအန္တရာယ်များ လျှော့ချနိုင်ရေးအတွက် သစ်တောကဏ္ဍ၌ သစ်ထုတ်ခြင်းကိုလျှော့ချပြီး သတ္တုကဏ္ဍတွင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် ထုတ်လုပ်ဆောင်ရွက်စေရေးအတွက် စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့ အကြုံကောင်းများဖလှယ်ကာ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာကြ ရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးများက မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် သစ်တောစိုက်ခင်းထူထောင်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် စိုက်ခင်းတည်ထောင်ခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုအစီအစဉ်၊ သဘာဝဘေးအန္တရာယ်များ လျော့နည်းစေရေး ဆောင်ရွက်မည့် အစီအမံ၊ သတ္တုကဏ္ဍအပေါ် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရတို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မည့်အခြေအနေများကို တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများကလည်း ဌာန၏ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment