Sunday, July 29, 2018

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တွံတေးတူးမြောင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကွင်းဆင်းကြည့်ရှု



ရန်ကုန်၊ ဇူလိုင် ၂၉
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယနေ့နံနက်ပိုင်းက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တွံတေး တူးမြောင်း ကမ်းပြို ကာကွယ်ရေးလုပ်ငန်းနှင့် ရေလမ်းကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း တွံတေးတူးမြောင်း (၃ဒသမ၅)မိုင် အကောက်စခန်းနှင့် လက်ပံကုန်း ကျေးရွာအနီး ကမ်းပါးထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရေလမ်းထိန်းသိမ်းရေး လုပ်ငန်းများ ဌာန (အောက်မြန်မာပြည်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲသွေးအောင်က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
အဆိုပါနေရာတွင် လုပ်ငန်းခွဲ(၆)ခုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ပံကုန်းကျေးရွာ ဘက်တွင် လုပ်ငန်း(၄)ခု အလျား (၃၂၀၀)ပေနှင့် အကောက်ခွန်စခန်းဘက် အခြမ်းတွင် လုပ်ငန်း(၂)ခု အလျား (၈၁၇)ပေဖြစ်ရာ စုစုပေါင်း အလျားပေ (၄၀၁၇)အား ကာကွယ်ထိန်းသိမ်း ထားပြီး ဖြစ်သည်။ ထို့အပြင် အဆိုပါလုပ်ငန်းနှင့် တစ်ဆက်တည်း တွံတေးတူးမြောင်း (၃ ဒသမ ၅)မိုင်နှင့် (၇)မိုင် အကြားတွင် အခြေထိန်း ကွန်ကရစ်ပိုင်တိုင်တန်းနှင့် PVC Sheet Pile များဖြင့် စုစုပေါင်း အလျား (၉၇၇၀)ပေ ကာကွယ်ထိန်းသိမ်းပြီးဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တွံတေးတူးမြောင်း (၁၅)မိုင်ရှိ အောင်စေတီဘုရား ကမ်းပြိုကာကွယ်ရေး လုပ်ငန်းနှင့် တွံတေးတူးမြောင်းအရှေ့ ဝဲ/ယာရှိ Jetty ရေကာများကို လည်းကောင်း၊ (၂၁) မိုင်ရှိ တွံတေးတူးမြောင်းနှင့် တိုးမြစ်ဆုံရာနေရာတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းနှင့် ရေလမ်းကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
(သတင်းစဉ်)

No comments:

Post a Comment