Sunday, July 29, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရန်ကုန်တိုင်းဒေသကြီးရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ


နေပြည်တော် ဇူလိုင် ၂၉
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရ၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်း၊ ခရိုင်နှင့် မြို့နယ် များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရား သူကြီးချုပ် ဦးဝင်းဆွေနှင့် တရားသူကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ် ချုပ်ကြီးအောင်ဝင်းဦး၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လမ်းညွှန်အမှာစကားပြောကြား ရာ၌ နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်း လဲရေးလုပ်ငန်းများကို ပိုမိုတိုးတက်မြင့်မားအောင် ဆောင်ရွက်ရန် ယခုလိုလာရောက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ကမ္ဘာ့ရေစီးကြောင်းနှင့် အတူ လိုက်ပါဆောင်ရွက်ရန်လိုအပ်ပါကြောင်း။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိပါက တိုင်းပြည်ဖွံ့ဖြိုးတိုး တက်မှု၊ ကြွယ်ဝချမ်းသာမှု၊ လူနေမှုအဆင့်အတန်းမြင့်မားမှု၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ၌ နောက်ကျကျန်ခဲ့မည်ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော် အစိုးရနှင့် တာဝန်ရှိသူများအားလုံးက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်ရန် တက်ညီလက်ညီ သန္နိဋ္ဌာန်ချထားပါကြောင်း။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်နိုင်မှသာ နိုင်ငံတော် တည်ငြိမ်အေးချမ်း၍ ပြည်နယ်နှင့်တိုင်းဒေသကြီများအားလုံး အချိုးကျကျ ဟန်ချက်ညီ ညီဖွံ့ဖြိုးတိုးတက်ပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြော၍ ရေရှည် တည်တံ့ခိုင်မြဲ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက် ရန် ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံသူ နိုင်ငံသားအားလုံးက ဒီမိုကရေစီကိုလိုလားသည်ကို တွေ့ရပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှမှုရှိခြင်းဆိုသည့် လောက ပါလတရားများရှိသည့်အပြင် ပြည်သူများ၏ ဘ၀လုံခြုံမှု၊ စိတ်လုံခြုံမှု၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုများရှိသောကြောင့် အားလုံးက ၀ိုင်းဝန်းကြိုး ပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်မည်ဆိုပါက အချိန်အခါ ကို မေ့ထား၍မရပါကြောင်း၊ အချိန်အခါသည် အလွန်တန်ဖိုးကြီးမားပါကြောင်း၊ အချိန် နှင့် ဒီရေသည် လူကိုမစောင့်ပါကြောင်း၊ ထို့ကြောင့် လက်ရှိပစ္စုပ္ပန်တွင် အချိန်နှင့် တစ်ပြေးညီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆောင်ရွက်ရန် အထူးလိုအပ်ပါ ကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုဆောင်ရွက်ရန် စိုးရိမ်စရာမဟုတ်ပါ ကြောင်း၊ ပြုပြင်ပြောင်းလဲရန် အခွင့်ကောင်း အခါကောင်းဖြစ်ပါကြောင်း၊ ရတောင့်ရခဲလှ သည့် အခွင့်ကောင်း အခါကောင်းကို လက်တွေ့ကျကျ တန်ဖိုးရှိစွာအသုံးချရန်လို အပ်ပါကြောင်း။
အုပ်ချုပ်ရေးမဏ္ဍိုင်နှင့်စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ် ပြီး ဥပဒေများနှင့်အညီ ဆောင်ရွက်စေလိုပါကြောင်း၊ ပြည်သူကို အလုပ်အကျွေးပြု သည့်၊ ပြည်သူများ၏ ဘ၀လုံခြုံမှု၊ စိတ်လုံခြုံမှုကို အကာအကွယ်ပေးသည့်၊ လူ့အခွင့် အရေးများကိုထိန်းသိမ်း ကာကွယ်စောင့်ရှောက်သည့် အုပ်ချုပ်ရေး အဖွဲ့အစည်း ဖြစ်စေ လိုပါကြောင်း။
ဥပဒေပြုရေးမဏ္ဍိုင်နှင့်စပ်လျဉ်း၍ ဥပဒေတစ်ခုကို ရေးဆွဲပြုစုသည့်အခါ နိုင်ငံ၏ အခြေအနေ၊ အချိန်အခါ၊ နိုင်ငံသူ နိုင်ငံသားများအတွက် အမှန်တကယ်အကျိုး ဖြစ်ထွန်းမှုရှိ မရှိနှင့် လူ့အခွင့်အရေး စံချိန်စံနှုန်းများ၊ ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့် ကိုက်ညီမှုရှိ မရှိတို့ကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေပြုရေးလုပ်ပိုင်ခွင့်နှင့် တာဝန်များ၊ ပြည်ထောင်စု ဥပဒေပြုရေးလုပ်ပိုင်ခွင့်နှင့် တာဝန်များကို ကွဲကွဲပြားပြား သိရှိအောင် ကျေကျေညက်ညက် လေ့လာထားရှိရန် လိုအပ်ပါကြောင်း။
တရားစီရင်ရေးမဏ္ဍိုင်နှင့်စပ်လျဉ်း၍ အဂတိကင်းစင်သည့် တရားစီရင်ရေးဖြစ်စေ လိုအပ်ပါကြောင်း၊ အဂတိကင်းစင်သည့် တရားစီရင်ရေးဖြစ်အောင်လည်း သတ်သတ် မှတ်မှတ်ဖြင့် အဆင့်ဆင့်ကြီးကြပ် ကွပ်ကဲဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားဥပဒေ စိုးမိုးရေးအတွက် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဥပဒေ၏ရှေ့မှောက်တွင် ဆူကြုံနိမ့်မြင့်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ရာထူးဌာနန္တရ မရွေး အားလုံးကိုတန်းတူထား ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် တရားဥပဒေစိုးမိုးရေးသည် အဓိကကျသောကြောင့် ဒီမိုကရေစီကို လိုလားပါက ဥပဒေ ကို လေးစားလိုက်နာရန်နှင့် လူပုဂ္ဂိုလ် တစ်ယောက်နှင့် တစ်ယောက်၊ အဖွဲ့အစည်း တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြန်အလှန် ရိုသေလေးစားမှုရှိရန် လိုအပ်ပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များ၏ ပကတိခြေအနေမှန်ကို သိရှိပြီး ပြင်ဆင်၊ တည့်မတ်ဆောင်ရွက်ပေးရန် လာရောက်တွေ့ဆုံခြင်းဖြစ်၍ မဏ္ဍိုင်သုံးခု၏ အခြေအနေမှန်များကို ရှင်းရှင်းလင်းလင်း တင်ပြကြရန် လိုအပ်ပါကြောင်းမှာကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက လွှတ်တော်ရေးရာလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူ ကြီးချုပ် ဦးဝင်းဆွေက တရားလွှတ်တော်ရေးရာလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကဏ္ဍတို့မှ ရှင်းလင်းတင်ပြသည့် အစီရင်ခံစာများနှင့်စပ်လျဉ်း၍ အားနည်း ချက်၊ အားသာချက်များကို ရှင်းလင်းပြောကြားပြီး ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ် ဖြစ်ရန် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ကြိုတင်မှန်းဆနိုင်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ရှိရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ရန် မူဝါဒ များချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
အဆိုပါ မူဝါဒများကို နိုင်ငံတော်အစိုးရတစ်ရပ်တည်း လုပ်၍မအောင်မြင်နိုင်ပါ ကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင် သုံးရပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှ မိမိတို့လိုချင် သည့် အရွေ့တစ်ခု၊ မိမိတို့ လိုချင်သည့် ပန်းတိုင်ကို ရောက်ရှိမည်ဖြစ်ပါကြောင်း။
ဝန်ထမ်းများသည် နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းမှ ကျခံသုံးစွဲသည့် လစာ၊ စရိတ်ငွေနှင့် အခြားခံစားခွင့်များကို ခံစားကြရပါကြောင်း၊ အဆိုပါ ၀န်ထမ်း များတွင် အခွင့်အရေးနှင့် ဒွန်တွဲ၍ တာဝန်ယူမှုများရှိပါကြောင်း၊ အခွင့်အရေးကိုမှန် ကန်စွာသုံးစွဲပြီး တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရန် လိုကြောင်း၊ ပြည်သူ့ဘဏ္ဍာကို ခံစားနေကြသည့် ၀န်ထမ်းများသည် ပြည်သူ့တာဝန်များကို တရားဥပဒေနှင့်အညီ ကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ်ပြီး ပြည်သူကိုလေးစားစွာ ၀န်ဆောင်မှုများပေးကြ ရမည်ဖြစ်ပါကြောင်း။
နိုင်ငံသူ နိုင်ငံသားများကို ဖိနှိပ်အုပ်ချုပ်သည့် ယန္တရားမဖြစ်ရန် အထူးလိုအပ်ပါ ကြောင်း၊ ၀န်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်ပါကြောင်း၊ ၀န်ထမ်းများ အားလုံး ကောင်းမှ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင် မြင်မည်ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ လိုက်ပါ မဆောင်ရွက်နိုင်ပါက မိမိတို့တိုင်းပြည် ဆက်လက်ပြီး ခေတ်နောက်ကျ ကျန်နေမည် ဖြစ်ပါကြောင်း။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင် ဥပဒေများနှင့်အညီ ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအထိဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၀န်ကြီးဌာနအလိုက် Corruption Prevention Unit (CPU)များဖွဲ့စည်းပြီး ထိန်းကျောင်းရန် စီမံလျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု ကင်းရှင်းစေရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု ကို ဆူကြုံနိမ့်မြင့်မရွေး ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းလျက်ရှိပါကြောင်း၊ အဂတိ ကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်စေရန် ဆောင်ရွက်နေပါကြောင်း။
ဝန်ထမ်းများ အခက်အခဲ၊ အကျပ်အတည်းများမဖြစ်ပေါ်အောင် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ၀န်ထမ်းများအနေဖြင့် မိမိတို့၏ စားဝတ် နေရေး အခက်အခဲ၊ အကျပ်အတည်းများရှိသည်ကို နားလည်ပါကြောင်း၊ သို့သော် မိမိတို့၏ ဒုက္ခများကို ရှေ့တန်းမတင်ဘဲ၊ မမှန်မကန် အခွင့်အရေးများကို နစ်နာဆုံးရှုံးမှု ဟုမမှတ်ယူဘဲ၊ တိုင်းပြည်နှင့် နိုင်ငံသူ နိုင်ငံသားအားလုံး၏ ဒုက္ခဝေဒနာများကို ကုစား ပေးကြရန်နှင့် မိမိတို့၏ ယာယီသက်သာမှုများထက် ပြည်သူများ၏ ရေရှည်အနာဂတ် အကျိုးစီးပွားကိုမျှော်ကိုးပြီး ၀ိုင်းဝန်းကူညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြား သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။
ref: Myanmar President Office

No comments:

Post a Comment