နေပြည်တော် ဇူလိုင် ၂၉
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေးသည် ယနေ့၊ မွန်းလွဲ (၃)နာရီတွင် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၌ ကျင်းပသည့် ရေဘေး ကျရောက်လျက်ရှိသော
ဒေသများတွင် လုပ်ဆောင်လျက်ရှိသော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ
ယခုထက်ပိုမို အရှိန်အဟုန်မြှင့်အားဖြည့် ဆောင်ရွက်ရေး ညှိနှိုင်း
အစည်းအဝေးသို့ တက်ရောက်၍အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ သဘာဝဘေးနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ တုံ့ပြန် ဆောင်ရွက်ရေး ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး/ စီမံချက် မန်နေဂျာ ဒေါက်တာကျော်ခိုင်စံက တိုင်းဒေသကြီး/ ပြည်နယ်များရှိ ရေဘေးကျ ရောက်နေသော နေရာဒေသများတွင် လက်ရှိဆောင်ရွက်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဖြစ်သည့် မြွေဆိပ်ဖြေဆေး၊ ရေသန့်ဆေးပြားများ၊ ရေသန့်စင်စက်များ၊ ဆေးစိမ်ခြင်ထောင်များ အပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ ဖြန့်ဝေထားရှိသည့် အခြေအနေ၊ ကယ်ဆယ်ရေးစခန်းများတွင် ယာယီဆေးခန်း/ ရွေ့လျားဆေးခန်းများဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိသည့် အခြေအနေ၊ လက်ရှိရောဂါဖြစ်ပွားမှုကို စောင့်ကြပ်ကြည့်ရှုလျက် ရှိသည့် အခြေအနေနှင့် ရေဘေးသင့်ဒေသနှင့် ကယ်ဆယ်ရေးစခန်းများတွင် ယခုလက်ရှိအချိန်အထိ ကူးစက်ရောဂါ ကပ်အသွင် ဖြစ်ပွားမှုများ မရှိသည့် အခြေအနေများကို တင်ပြသည်။
ထို့နောက်အစည်းအဝေး တက်ရောက်လာကြသူများက ကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကူးစက်ရောဂါများ ဖြစ်ပွားမှုကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုရန်နှင့် စောစီးစွာ သတင်းရယူခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ပိုမို အားဖြည့် ဆောင်ရွက်ရေး ကိစ္စ၊ လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ အချိန်မီ ဆက်လက် ပံ့ပိုးပေးနိုင် ရေးကိစ္စ၊ အရေးပေါ် လူနာလွှဲပြောင်း ကုသရေးကိစ္စ၊ ရေးဘေးသင့် ကျန်းမာရေးဝန်ထမ်းများနှင့် ရေဘေးသင့်ဒေသတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများကို လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရေး ကိစ္စရပ်များ၊ အရေးပေါ်နှင့် နေ့စဉ်ဆက်သွယ် သတင်းပေးပို့မှု စနစ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထို့အပြင် ဘေးအန္တရာယ် ကျရောက်မှုမရှိသော နီးစပ်ရာဒေသမှ ဝန်ထမ်းများကို လိုအပ်ပါက ဘေးအန္တရာယ် ကျရောက်ရာ နေရာသို့ စေလွှတ်အားဖြည့်ဆောင်ရွက်ရန်နှင့် ထိခိုက်ပျက်စီး ဆုံးရှုံးသော ကျန်းမာရေးဌာနများရှိပါက စနစ်တကျမှတ်တမ်းတင် သတင်းပေးပို့၍ အမြန်ဆုံးပြင်ဆင် ဆောင်ရွက် နိုင်ရန် သဘာဝဘေးနှင့် ကျန်းမာရေးအရေးပေါ် အခြေအနေ ကြီးကြပ် ဆောင်ရွက်ရေးအဖွဲ့ကို အားဖြည့်ဖွဲ့စည်း၍ လက်ရှိဆောင်ရွက်လျက်ရှိသော ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက် မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment