Friday, May 4, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့အား တွေ့ဆုံမှာကြား



နေပြည်တော် မေ ၎
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဝင်း ဦးဆောင်သည့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံမှာကြားသည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်မှန်ကန်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံး ဥပဒေနှင့်အညီ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် လွတ်လပ်မှု အခွင့်အရေးများ ရစေလိုကြောင်း၊ ပြစ်မှုကျူးလွန်သူနှင့် ကျူးလွန်ခံရသူများ အနေဖြင့် လည်းကောင်း၊ သက်သေများ အနေဖြင့် လည်းကောင်း ဥပဒေဆိုင်ရာအ ထောက်အကူများ ရရှိစေလိုကြောင်း၊ ပြည်သူလူထုကိုလည်း တည်ဆဲဥပဒေများ၊ နိုင်ငံသားတစ်ဦး၏ အခြေခံရပိုင်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် လူပုဂ္ဂိုလ်တစ်ဦး၏ ဥပဒေအရ ရပိုင်ခွင့်များကို အသိပညာပေးစေ လိုကြောင်း၊ ရဲအချုပ်နှင့် အကျဉ်းထောင်များ၌ မလိုလားအပ်သည့် ဖမ်းဆီး ချုပ်နှောင်မှုများကို လျော့နည်းစေရန်နှင့် ဥပဒေနှင့်မညီသည့် ဖမ်းဆီး ချုပ်နှောင်မှုများ ပပျောက်အောင် ဆောင်ရွက် စေလိုကြောင်း။
ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့သည် တရားဥပဒေ စိုးမိုးရေးနှင့် တရားစီရင်ရေး မဏ္ဍိုင် တည့်မတ် မှန်ကန်စေရေးအတွက် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဥပဒေဆိုင်ရာ အထောက်အကူ အဖွဲ့များကိုလည်း ပြုပြင်ပြောင်းလဲရေး အတွက် စိတ်စေတနာ အပြည့်ဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်သူများကို ရွေးချယ်ဖွဲ့စည်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စီမံချက် စနစ်တကျရေးဆွဲ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားသည်။
ယင်းနောက် အဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းနှင့် အဖွဲ့ဝင်များက လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြသည်။
တွေ့ဆုံပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ၊ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စု တရားစီရင်ရေး ကြီးကြပ်မှုရုံး ပြစ်မှုတရားစီရင်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်သီမာနွယ်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သျှန်၊ ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဌေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်း၊ ပညာရေးဝန်ကြီးဌာန ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာ ခင်မာရီ၊ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုး၊ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဌေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်တင်လင်း၊ တရားလွှတ်တော်ရှေ့နေ ဦးကျော်စိုးဗိုလ်၊ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်လှသောင်း၊ တရားလွှတ်တော်ရှေ့နေ ဒေါ်နန်းခမ်းအုံနှင့် အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်တို့ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment