Friday, May 4, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းစစ်ချုပ်များအား တွေ့ဆုံမှာကြား



နေပြည်တော် မေ ၎
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း ဦးဆောင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းစစ်ချုပ်များအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံမှာကြား သည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး အတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အနေဖြင့် နိုင်ငံတော်၏ အရအသုံး စာရင်းများ စစ်ဆေးခြင်း၊ သတ်မှတ် ချထားပေးသော ခွင့်ပြုဘဏ္ဍာငွေများ အပြည့်အ၀ ရရှိစေရန် ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ၊ ရငွေများကို ထိရောက်စွာ အသုံးပြုခြင်း ရှိ၊ မရှိ၊ ချမှတ်ပေးသော ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ စစ်ဆေး ကြပ်မတ်ပေးရန် လိုအပ်ပါကြောင်း။
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ ကျင့်သုံးခြင်း ရှိ၊ မရှိ စစ်ဆေးရန် လိုပါကြောင်း၊ စီမံကိန်းနှင့် လုပ်ငန်း ဆောင်ရွက်မှုများသည် ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိ၊ မရှိ စိစစ်ရန်လိုပါကြောင်း၊ နိုင်ငံပိုင်ပစ္စည်း၊ ပြည်သူပိုင် ပစ္စည်း၊ သမ၀ါယမပိုင် ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းမှု ရှိ၊ မရှိ၊ ထိရောက်စွာ အသုံးချမှု ရှိ၊ မရှိ စစ်ဆေးရန် လိုပါကြောင်း၊ ပိုင်ရှင်မဲ့ပစ္စည်း၊ ဥပဒေအရ သိမ်းဆည်းခံ ပစ္စည်း၊ ပိုင်ရှင်က စွန့်လွှတ် ပစ္စည်းများကိုလည်း သက်ဆိုင်ရာတို့က စာရင်းသွင်းထားခြင်း ရှိ၊ မရှိနှင့် စနစ်တကျ အသုံးပြုခြင်း ရှိ၊ မရှိ၊ ထိန်းသိမ်းထားခြင်း ရှိ၊ မရှိကို စစ်ဆေးပေးစေ လိုပါကြောင်း။
အစိုးရဌာနဆိုင်ရာများတွင် စာရင်းစစ်အဖွဲ့ ဖွဲ့စည်းထားမှု ရှိ၊ မရှိ၊ ယင်းအဖွဲ့များ အနေဖြင့် အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာ ဆောင်ရွက်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် လိုအပ်ကြောင်း၊ နိုင်ငံတော် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု၊ ယိုဖိတ်မှု၊ အလွဲသုံးစားမှုများကို စစ်ဆေးတွေ့ရှိပါက ကျောသား ရင်သား မခွဲခြားဘဲ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံသို့ အစီရင်ခံတင်ပြ စေလိုပါကြောင်း လမ်းညွှန် မှာကြားသည်။
တွေ့ဆုံပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့အတူ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းနှင့်အတူ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း ဥက္ကဋ္ဌ ဦးဝမ်းတင်၊ ကချင်ပြည်နယ် စာရင်းစစ်ချုပ် ဦးတင်လှိုင်၊ ကယားပြည်နယ် စာရင်းစစ်ချုပ် ဦးအောင်မောင်း၊ ကရင်ပြည်နယ် စာရင်းစစ်ချုပ် ဦးစောလှထွန်း၊ ချင်းပြည်နယ် စာရင်းစစ်ချုပ် ဦးလာလ်တင်မန်း (ခ) ဦးဒေးဗစ်လာလ်တင်မောင်၊ စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးစိုးလွင်၊ တနင်္သာရီတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးသိန်းထွန်း၊ ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်သန်းဝင်း၊ မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးလှသန်း၊ မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်အေးဆွေ၊ မွန်ပြည်နယ် စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦး၊ ရခိုင်ပြည်နယ် စာရင်းစစ်ချုပ် ဒေါ်ယဉ်လှ၊ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှ၊ ရှမ်းပြည်နယ် စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းနှင့် ဧရာဝတီတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်စန်းစန်းခိုင်တို့ တက်ရောက်ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment