Saturday, May 5, 2018

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ (၇၂)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

(၇၂)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို မေ ၅ ရက် နံနက် (၇) နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အုတ်ပုံဆိပ်လမ်းရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၊ စစ်ရေးပြ ကွင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် ရဲဗလတံဆိပ် ချီးမြှင့်အပ်နှင်းခြင်းခံရသူ တပ်ဖွဲ့ဝင် (၂)ဦး၊ စွမ်းဆောင်မှုဆိုင်ရာ ရဲသူရိန် တံဆိပ် ချီးမြှင့်အပ်နှင်းခြင်းခံရသူ တပ်ဖွဲ့ဝင်(၁)ဦးနှင့် ရဲကျော်သူတံဆိပ် ချီးမြှင့်အပ်နှင်းခြင်းခံရသူ တပ်ဖွဲ့ဝင် (၅)ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မီးသတ်လုပ်ငန်းတွေကို တပ်ဖွဲ့အသွင်နဲ့ ဖွဲ့စည်းပြီး ရှေးက ပရဟိတလုပ်ငန်းကို အခြေခံရာကနေ အခုလို နိုင်ငံတော်နှင့် ပြည်သူတွေကိုလုံခြုံမှုပေးတယ် ၊ ကာကွယ်မှုပေးတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တာဝန်ထမ်းဆောင်ခဲ့ကြတာဟာ ဒီနေ့ဆိုလျှင် (၇၂)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်က မီးသတ်သမားကြီးများရဲ့ စေတနာ၊ ဝါသနာ၊ အနစ်နာ စိတ်ဓါတ်ကောင်းတွေကလာတဲ့ နှိုင်းဆမရတဲ့တန်ဖိုးတွေကို ဒီနေ့တပ်ဖွဲ့ဝင်တွေက လေးစားမြတ်နိုးခြင်းနှင့် ဂုဏ်ပြုလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်များ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ရန် ဖွဲ့စည်းတည်ဆောက်ခဲ့ရာ ယခုဆိုလျှင် နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ သဘာဝဘေးအန္တရာယ်နှင့် ဓာတု၊ ဇီဝ၊ ရေဒီယိုသတ္တိကြွ ပစ္စည်းအန္တရာယ်တွေလည်း ဖြစ်ပွားပေါ်ပေါက်လာမှုကြောင့် ဘေးအန္တရာယ်များမှ ကာကွယ်ရန် လူ၊ အထောက်အကူပြုယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် နည်းပညာဆိုတဲ့ အခြေပြုကဏ္ဍ(၃)ရပ်ကို ဟန်ချက်ညီအောင် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားနိုင်ရန် အမြော်အမြင်ရှိရှိ စီမံဆောင်ရွက်ထားဖို့ လိုအပ်လာပြီဖြစ်ကြောင်း၊ နောင်အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို မျှော်မှန်းတွက်ဆပြီး မီးသတ်တပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံ၊  စွမ်းဆောင်ရည်နဲ့ ယာဉ်၊ စက်အင်အားများကို တိုးချဲ့ပေးနိုင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံ၊ ၎င်းအင်အားများဖြင့် ပြည်သူလူထုကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန် အခြေခံအကျဆုံးနဲ့ အဓိကအကျဆုံးဖြစ်တဲ့ အသိပညာနှင့် အတတ်ပညာများ ပြည့်ဝနေအောင် လေ့ကျင့်ရေးသာလျှင် ပဓာနဖြစ်၍ နည်းပညာနဲ့ ထက်မြက်ထိရောက်တဲ့ စွမ်းဆောင်ရည်တွေရရှိအောင်  စဉ်ဆက်မပြတ် လေ့ကျင့်တည် ဆောက်နေ ရမှာဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်မှုတိုင်းဟာ ပြည်သူလူထုရဲ့နေထိုင်မှုဘဝ လုံခြုံရေးမှစ၍ နိုင်ငံတော်တည်ဆောက်ရေးအထိ အကျုံးဝင်တာမို့ စွမ်းရည်ထက်မြက်အောင် လေ့ကျင့်တည်ဆောက်ရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စစ်ရေးပြတပ်ခွဲများနှင့် မီးသတ်ယာဉ်များက ပြည်ထောင်စုဝန်ကြီးအား ချီတက်အလေးပြုခဲ့ကြပြီးနောက် တပ်ဖွဲ့ဝင်များ၏ တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲ (Brave Heart) နှင့် ယာဉ်မတော်တဆမှုဖြစ်စဉ်တွင် အဖွဲ့လိုက် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်( Rip it Off) ပြိုင်ပွဲများ ပြသခြင်း၊ ပိုလန်နိုင်ငံမှ ရရှိသည့် ယာဉ်၊ စက်များ စွမ်းရည်ပြသခြင်း၊ ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး( တပ်ခွဲအဆင့်) လေ့ကျင့်ခန်း ဆောင်ရွက်နေမှုများအား သရုပ်ပြသခဲ့သည်။
ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့မှ ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ခဲ့ကြသော တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုဆုငွေများ  အသီးသီး ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များက ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် ခေတ်မီ မီးသတ်ပစ္စည်းကိရိယာများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဇနီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ ဌာနအကြီးအမှူးများ၊ အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အလှူရှင်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဆက်လက်ပြီး ဂုဏ်ပြုလက်မှတ်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၊ သီတာခန်းမတွင် ကျင်းပခဲ့ရာ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများက Brave Heart နှင့် Rip it Off စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသည့် အသင်းများ၊ (၇၂)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ဆုရရှိသည့် စစ်ရေးပြတပ်ခွဲများ၊ စံပြမီးသတ်စခန်းဆု၊ သက်ပြည့်အငြိမ်းစားခံစားခဲ့သည့် အရာရှိကြီးများ၊ ပြင်ပနည်းပြများ၊ နိုင်ငံတော်မှ ချီးမြှင့်သော ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူများ၊ (၂၅)နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အနုပညာရှင်များ၊ အလှူရှင်များ၊ စာတည်းမှူး(စာပေဗိမာန်)၊ ဗဟိုအဆင့် ကျင့်ဝတ်ဆုရရှိသည့် တပ်ဖွဲ့ဝင်များ၊ (၁)နှစ်တာအတွင်း ဝတ်စားဆင်ယင်မှု အကောင်းဆုံးဆု ရရှိသည့်  တပ်ဖွဲ့ဝင်များနှင့် (၁)နှစ်တာအတွင်း အိမ်ထောင်သည် လိုင်းခန်းဆု ရရှိသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment