Saturday, May 5, 2018

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ



ရေး   မေ    

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ  ဖွင့်ပွဲအခမ်းအနားကို ယနေ့  နံနက် (၉)နာရီက မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ပြည်သူ့အားကစားရုံကျင်းပသည်။


ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ကျိုက်မရောမြို့နယ်၊ ရာမညနိကာယ ကော့ပလိုင် ကျောင်း ဆရာတော် ဘဒ္ဒန္တ ကေတုမာလာက သြ၀ါဒစကား မြွက်ကြားသည်။

ယင်းနောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက အမှာစကား ပြောကြားရာတွင် (NCA) လက်မှတ် ရေးထိုးပြီး နောက် မွန်ပြည်သစ်ပါတီ အနေဖြင့် ယခုကဲ့သို့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို အမြန်ဆုံး ကျင်းပနိုင်သည့်အတွက် ၀မ်းမြောက်ပါကြောင်း၊ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးနှင့် အာမခံခွင့် အပြည့်အ၀ရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုအား နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနဲ့အညီ တည်ဆောက်သွားနိုင်ရန် အရေးကြီးပါကြောင်း ယင်းသို့တည်ဆောက် နိုင်ရန် တိုင်းရင်းသားများ၏ လိုလားချက်၊ သဘောဆန္ဒများ၊   အမြင်သဘောထားများကို စုစည်းနိုင်ရေးအတွက် ယခုကဲ့သို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယခုဆွေးနွေးပွဲမှ မွန်တိုင်းရင်းသားတို့၏ လိုအပ်ချက်၊ လိုလားချက်များနှင့် အမြင်သဘောထားများအား တင်ပြခွင့်ရရှိတော့မည် ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံတို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစိုးရအစုအဖွဲ့မှ ဦးခင်ဇော်ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့မှ ဦးခွန်မြင့်ထွန်း၊ နိုင်ငံရေးပါတီ အစုအဖွဲ့မှ ဦးစောထွန်းအောင်မြင့်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ကျန်ရစ်နှင့် မွန်အမျိုးသားပါတီမှ ဒုတိယဥက္ကဋ္ဌ နိုင်ငွေသိန်းတို့က အမှာစကားများ ပြောကြားကြကာ ကျင်းပရေးကော်မတီဥက္ကဋ္ဌ နိုင်ဗညားလယ်မှ မွန်အမျိုးသား အဆင့်  နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ဆောင်ရွက်မှုများအား ရှင်းလင်းပြေကြားသည်။

မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ရေးမြို့၊ မွန်ဓမ္မာရုံတွင် နိုင်ငံရေးကဏ္ဍဆိုင်ရာ အခြေခံမူ အဆိုပြုချက်များကို လည်းကောင်း၊ အထက(၁) ကျောင်း ခန်းမတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လူမှုရေးကဏ္ဍ အခြေခံမူ အဆိုပြုချက်များကို လည်းကောင်း၊ အထက(၁) ခန်းမဆောင်တွင် ဖက်ဒရယ် စီးပွားရေးဆိုင်ရာ အခြေခံမူ အဆိုပြုချက်များကို လည်းကောင်း၊ တစ်ပုလ္လင်နှစ်ဆူ ဓမ္မာရုံတွင် မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ မူဝါဒ အဆိုပြုချက်များကို လည်းကောင်း ကိုယ်စားလှယ် အသီးသီး တို့က အစုအဖွဲ့အလိုက် ဆွေးနွေးကြသည်။

အဆိုပါဆွေးနွေးပွဲကို မေ ၇ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး အစုအဖွဲ့ အသီးသီးမှ ဆွေးနွေးပွဲကိုယ်စားလှယ် ၅၀၀ တို့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)မှ သတ်မှတ်ထားသည့် ကဏ္ဍလေးရပ်အား သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ဆွေးနွေးသွားကြမည် ဖြစ်သည်။

အခမ်းအနားသို့ သံဃာတော်များ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၊ ငြိမ်းချမ်းရေးကော်မရှင်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီဝင်များ၊ လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိ သူများ၊ အစုအဖွဲ့အသီးသီးမှ ဆွေးနွေးပွဲ ကိုယ်စားလှယ်များ၊ လေ့လာသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment