နေပြည်တော် မေ ၆
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့သည် ဒုတိယဝန်ကြီး
ဒေါက်တာထွန်းနိုင်၊ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး
ဦးအောင်ကျော်ဇံနှင့်အတူ မေ ၅ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ကမ်းလွန်လုပ်ကွက်
အမှတ် A-1 နှင့် A-3 တို့ရှိ ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်း၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်
ဖြန့်ဖြူးပေးနေမှု အခြေအနေများအား သွားရောက် ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်
အဖွဲ့အား ရှင်းလင်းဆောင်တွင် စီမံကိန်းတာဝန်ရှိသူများက သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊
ထုတ်လုပ် ဖြန့်ဖြူးပေးနေမှု အခြေအနေ ပြည်ပသို့ တင်ပို့ ရောင်းချနေမှု အခြေအနေ၊ ပြည်တွင်းသို့
ဖြန့်ဖြူးပေးနေမှု အခြေအနေများ၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ မြန်မာ့ရေနံနှင့်
သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးမှ ဖြည့်စွက်ရှင်းလင်း
တင်ပြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က သိရှိလိုသည်များအား
မေးမြန်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ
ရရှိလာပြီး နည်းပညာနှင့် လုပ်ငန်းအတွေ့အကြုံ ရရှိလာစေရေး အခွင့်အလမ်းများ ဆောင်ရွက်ပေးရန်နှင့်
လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက်ရန်တို့အား မှာကြားသည်။
ထို့နောက် စီမံကိန်း
လုပ်ငန်းခွင်အတွင်း သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေမှု အခြေအနေနှင့် ထိန်းချုပ်ခန်း အတွင်း
သဘာဝဓာတ်ငွေ့ ထိန်းချုပ် ပို့လွှတ်ပေးနေမှု အခြေအနေများအား လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
အဆိုပါ ရွှေကမ်းလွန်
သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်ရှိလာသော သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး
အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊
Daewoo International Corporation၊ ONGC Videsh Ltd. ၊ GAIL (India) Ltd. ၊ Korea
Gas Corporation တို့နှင့်အတူ China National United Oil Corporation မှ သဘာဝဓာတ်ငွေ့
တင်ပို့ခြင်းနှင့် ဝယ်ယူခြင်းဆိုင်ရာ သဘောတူစာချုပ်ကို (၂၄-၁၂-၂၀၀၈) ရက်နေ့တွင် လက်မှတ်
ရေးထိုးခဲ့ပြီး ၎င်းစီမံကိန်းမှ ထွက်ရှိလာသော သဘာဝဓာတ်ငွေ့ကို ပြည်တွင်း၌ အသုံးပြုရန်
ဖြန့်ဖြူးပေးနေသည့် အပြင် ကုဗပေသန်း (၄၀၀) အား တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ အချင်းလက်မ
၄၀ အရွယ်အစားရှိ ဓာတ်ငွေ့ပိုက်လိုင်းဖြင့် နေ့စဉ် တင်ပို့ရောင်းချလျက် ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment