Saturday, May 5, 2018

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ဆေးဝါးစက်ရုံ(အင်းစိန်) ကြည့်ရှုစစ်ဆေး


ရန်ကုန် မေ ၅
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် မြန်မာ့ဆေးဝါး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့်အတူ ဆေးဝါးစက်ရုံ (အင်းစိန်)သို့ ယနေ့ နံနက်ပိုင်းက ရောက်ရှိပြီး ဆေးဝါးထုတ်ပိုးမှု ပုံစံအသစ် များကို အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော JKL ကုမ္ပဏီမှ ဆေးဝါးစက်ရုံ (အင်းစိန်)အတွက် Sticker Labels များနှင့် Printed Box များ ထုတ်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး BPI ဆေးဝါး၏ အရည်အသွေးမှာ ကောင်းမွန်ပြီး ISO 9001-2015 ကိုလည်း ရရှိပြီးဖြစ်၍ ထုတ်ပိုးမှုပုံစံအား နိုင်ငံတကာအဆင့်မီ ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ဆေးဝါးစက်ရုံ(အင်းစိန်) ပုံနှိပ်ဌာနတွင် CTP စနစ်ဖြင့် ကွန်ပျူတာ မှ တိုက်ရိုက်ပုံနှိပ်လုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး BPI ဆေးဝါး များအား အတုအပကင်းစင်ရေးအတွက် မိမိစက်ရုံအတွင်း၌ပင် အရည်အသွေး ကောင်းမွန်သည့် ဆေးဝါးတံဆိပ်များ ရိုက်နှိပ်ရေး မှာကြားသည်။
ဆက်လက်၍ ဆေးဘူးပုံစံအသစ် ပြောင်းလဲရန်အတွက် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော SUNTEC Pharmaceutical Co., Ltd. မှ ဆေးဝါးစက်ရုံ (အင်းစိန်)တွင် ထုတ်ပိုးမှုပုံစံသစ် ဆေးဘူးများ ပြောင်းလဲထုတ်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးပြီး ဆေးဘူးအရည်အသွေးများကို နိုင်ငံတကာအဆင့်မီ စီမံထုတ်လုပ် သွားရန် မှာကြားသည်။
ယင်းနောက် ဆေးဝါးစက်ရုံ(အင်းစိန်)မှ ထပ်မံထုတ်လုပ်ထားသည့် အဆင့်မြင့် ရှေးဦးသူနာပြုအိတ် First Aid Kid (Advance)အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် အသက်ကယ်ပစ္စည်းများ ထည့်သွင်း ရန်အတွက် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့်အတူ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်အလုပ်ရုံသို့ မွန်းလွဲပိုင်းတွင် ရောက်ရှိပြီး Myanmar Trade Center Co., Ltd.မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင်က Daewoo Bus ထုတ်လုပ်မည့် စက်ရုံ ပြင်ဆင်တည်ဆောက်နေခြင်း လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက အများပြည်သူသုံး ဘတ်စ်ကားများ အန္တရာယ်ကင်းရှင်းစွာ စနစ်တကျထုတ်လုပ်မှု အတွက် ဂရုတစိုက် ဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment