Saturday, May 5, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ ကချင်ပြည်နယ်ရှိ တိုက်ပွဲရှောင် ပြည်သူများနှင့် တွေ့ဆုံ




ကချင် မေ ၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် ဒုတိယ၀န်ကြီးဦးစိုးအောင်၊ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်နှင့်အတူ ယနေ့ညနေပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တန်ဖဲရွာတွင် ယာယီဖွင့်လှစ်ထားရှိသော တိုက်ပွဲရှောင်စခန်းသို့ ရောက်ရှိကြပြီး နေရပ်စွန့်ခွာ ရောက်ရှိလာသော ပြည်သူလူထုနှင့် တွေ့ဆုံကာ အားပေး စကားပြောကြားသည်။


ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ နေရပ်စွန့်ခွာလာရချိန်တွင် လိုအပ်သော စားဝတ်နေရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့်အခက်အခဲများကို ဖြေရှင်း ပေးရန်၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေး များကို ပိုမိုအလေးထားစောင့်ရှောက်ရန်၊  ကူညီမှုများ ပေးအပ်လို၍ လာရောက်ခြင်းဖြစ်ပါကြောင်း၊  တိုက်ပွဲရှောင် ပြည်သူများအနေဖြင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြရန် ပြောကြားသည်။

အင်ဂျန်းဒုံ၊ အင်ဂိုင်းကောင်နှင့် အင်လော့ယန်ကျေးရွာများရှိ တိုက်ပွဲရှောင်ပြည်သူများက ကူညီ ထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအချိန်တွင် မိမိတို့ကျေးရွာများ၌ ကျန်ရှိခဲ့သောပြည်သူများကို လုံခြုံမှုရှိသော နေရာများသို့ ပြောင်းရွှေ့ နေထိုင်နိုင်ရေးကို ကူညီ ဆောင်ရွက်ပေးပါရန်နှင့် ထောက်ပံ့မှုထက် ဘေးကင်းရာ ရွှေ့ပြောင်းမှုကို ညှိနှိုင်းကူညီဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားကြသည်။ ထို့နောက် တိုက်ပွဲရှောင်စခန်းရှိ (၅)နှစ်အောက်ကလေးငယ် များအတွက် ထောက်ပံ့ငွေကျပ် (၆၇၅၀၀၀၀ိ/-)၊ ကိုယ်ဝန်ဆောင် မိခင်များအတွက်(၁၄)သိန်း၊ မသန်စွမ်းသူများအတွက် (၃၄)သိန်း၊ အမျိုးသမီးဦးဆောင်သူများအတွက် (၁၈၅၀၀၀၀ိ/-)နှင့် ယာယီခိုလှုံသူ (၈၈၀)ဦးအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲရိက္ခာ(၁)လစာတို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့အပြင် အသက်(၁၀၀)ကျော် အဘွား(၁)ဦး၊ အသက်(၉၀)နှစ်အထက် အဘိုး(၁)ဦးနှင့် အဘွား(၁)ဦး တို့ကိုလည်းသီးခြားတွေ့ဆုံ၍ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment